ပန်းတော့ပညာနှင့် စကျင်ကျောက်အား ထုဆစ်ပုံဖော်ခြင်း

မန္တလေး ၃ သြဂုတ်

 

မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး ပညာရပ်များသည် မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ထွန်းကားသော်လည်း စကျင်ကျောက်ကို အလိုရှိရာ ထုဆစ်ပုံဖော်သည့် ပန်းတော့ပညာရပ်မှာ စကျင်ကျောက်ထွက်ရှိရာ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာနှင့် ထုတ်ကုန်များ အဓိက အရောင်းအဝယ်ပြုလုပ်ရာ မန္တလေးမြို့တို့တွင်သာ ပိုမိုထွန်းကားသည်။ စကျင်ကျောက်ကို ထုဆစ်ပုံဖော်သည့်လုပ်ငန်းကို ပန်းတော့ပညာဟုခေါ်သော်လည်း ကျောက်ကို ထုဆစ်ပုံဖော်သော လုပ်ငန်းဖြစ်၍ ကျောက်ဆစ်လုပ်ငန်းဟု ခေါ်ဝေါ်မှုများပြားသည်။ မန္တလေးမြို့တွင် ကျောက်ဆစ်လုပ်ငန်း အများစုကိုမဟာမုနိ ဘုရားဝန်းကျင်တွင်  တွေ့ရသည်။

 

ကျောက်ဆစ်လုပ်ငန်းမှ ဘုရားဆင်းတုတော် အရွယ်အမျိုးမျိုး၊ သိမ်၊ကျောင်း၊ ဇရပ်များတွင် ဧရိယာသတ်မှတ်ရန် ကျောက်တိုင်အမျိုးမျိုး၊ အလှူကမ္ပည်း ရေးထိုးရန်နှင့် အုတ်ဂူများတွင် အသုံးပြုရန် ကျောက်ပြားများနှင့် ဘုရား၊ ကျောင်း၊ ကန်များတွင် နေပူခံ ကျောက်ပြားအခင်းအဖြစ် အသုံးပြုရန် ကျောက်ပြားများကို အများဆုံး ထုတ်လုပ်ရပြီး အခြားသောသီး ခြားမှာယူသည့် ပစ္စည်းများလည်း အနည်းငယ်ရှိသည်။

 

စကျင်ကျောက် ထုတ်ကုန်များမှာ ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့လည်း ပို့ဆောင်ရသည်။ စကျင်ကျောက် ထုတ်ကုန်များကို တရုတ်၊ ယိုးဒယားအစရှိသည့် ဗုဒ္ဓဘာသာထွန်းကားသည့် နိုင်ငံများသို့ အများဆုံး တင်ပို့ရခြင်းဖြစ်သည်။ ဘုရားဆင်းတုတော်များနှင့် ဘာသာရေးနှင့် ဆက်နွယ်နေသော ရုပ်တုများကို မှာယူမှုများပြားသည်။ နိုင်ငံခြားသို့ တင်ပို့မည့် စကျင်ကျောက် ဆင်းတုတော်များ နိုင်ငံခြားသို့ တင်ပို့ရာတွင် ရှေးဟောင်းဆင်းတုတော်များနှင့် ရောနှောသယ်ဆောင်ခြင်းများ မဖြစ်ပေါ်စေရန် တင်ပို့မည့် ဆင်းတုတော်အတွက် အမျိုးသားစာကြည့်တိုက်နှင့် ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ရှေးဟောင်းဆင်းတုတော်များ မဟုတ်ကြောင်း ထောက်ခံချက် ရယူရသည်။

 

ဆင်းတုတော်များ ထုဆစ်ရာတွင် မှာယူသည့် နိုင်ငံပေါ်မူတည်၍ ဟန်ပန်များ ပြောင်းလဲထုဆစ်ရသည်။ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆင်းတုတော်များမှာ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ခန့်ခန့်ထည်ထည် ထုဆစ်ရပြီး ယိုးဒယားနိုင်ငံသို့ တင်ပို့ရန် ဆင်းတုတော်များကို သွယ်သွယ်လျလျ ထဆုစ်ရကြောင်း သိရသည်။ မှာယူသည့် နိုင်ငံမှ ကျောက်ဆစ်ပညာရှင်များ စိတ်ကြိုက် ထုဆစ်ရကြောင်း သိရသည်။

 

စကျင်ကျောက်တွင် ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစားဟု အကြမ်းအားဖြင့် သုံးမျိုး ခွဲခြားနိုင်ပြီး ကျွမ်းကျင်သူများမှာ ထိုထက်ပို၍ ခွဲခြားနိုင်သည်။ ထုတ်ကုန်များကို ဈေးနှုန်း သတ်မှတ်ရာတွင် ကျောက်သား အတန်းအစား၊ အရောင်အဆင်း၊ အပြစ် အနာအဆာ ကင်းရှင်းမှု၊ အရွယ်အစားနှင့် လက်ရာကောင်းမွန်မှုနှင့် အနုစိတ်မှုတို့အပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ် ရောင်းချကြခြင်း ဖြစ်ကြောင်း သိရသည်။

 

အေးမြ (မန္တလေး)