ပျဉ်းမနား၊ ဘားအံနှင့် မိုးကုတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၁

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု၊ ပြဒက်ချောင်းကျေးရွာအနီးရှိ အောင်စိမ်း၏တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ ခဲမောင်၊ မျိုးအောင်တို့ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေး ၈,၀၆၂ ပြား၊ ဘိန်းဆီခဲ သုည ဒသမ ၀၆၅၃၂ ကီလိုကိုလည်းကောင်း၊ နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီခွဲတွင် ဘားအံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ လှာကမြင် ကျေးရွာအုပ်စု၊ လှာကမြင်ကျေးရွာရှိ ကျော်လှစိုး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၁,၀၆၀ ကိုလည်းကောင်း။

 

ထို့နောက် နိုဝင်ဘာ ၁၀ ရက် ည ၈နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာအုပ်စု၊ ကျောက်တစ်လုံးကျေးရွာအနီးတွင် ချန်ဖူး(ခ)ထွန်းလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)