ပျဉ်းမနားမြို့ ငလိုက်ချောင်းကူး လေးလမ်းသွားတံတားမှ ပြီးစီးခဲ့သည့်နှစ်လမ်းသွားတံတားအား စတင်ဖြတ်သန်းခွင့်ပြု

နေပြည်တော်  ၄  ဇူလိုင်

 

ပြည်တောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ငလိုက်ချောင်းကူး လေးလမ်းသွားတံတားမှ နှစ်လမ်းပြီးစီပြီဖြစ်၍ ယနေ့ နံနက်ပိုင်းမှစတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ကြောင်း သိရသည်။

 

အဆိုပါ ငလိုက်ချောင်းကူးတံတားမှာ အရှည် ၃၄၅ ပေ၊ အကျယ် ၆၂ ပေ ၄ လက်မ၊ ယာဉ်သွားလမ်း ၅၀ ပေ ၄ လက်မလူသွားလမ်း ၆ ပေရှိ အပေါ်ထည် သံကူကွန်ကရစ်ယက်မနှင့် သံမဏိသံပေါင်းယက်မ(R.C Girder & Plate Girder) လေးလမ်းသွားတံတားဖြစ်ပြီး စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားပေါ် စတင်ဖြတ်သန်းသွာလာခွင့်ပြုရာတွင် နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးတင်ထွန်း၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမောင်မောင်ညွှန့်၊ စိုးလျှပ်စစ်ဖောင်ဒေးရှင်းဉက္ကဋ္ဌ ဦးကျော်မင်းထွန်နှင့် တာဝန်ရှိသူများက ပြီးစီသွားသည့် နှစ်လမ်းသွားတံတား၏ ကြံခိုင်မှု၊ ယာဉ်များ၊ တံတား အသုံးပြုသူပြည်သူများ သွားလာရာတွင် အခက်အခဲရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးတင်ထွန်းနှင့်အဖွဲ့သည် ကျန်ရှိနေသေး သည့် နှစ်လမ်းသွားတံတားအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)