ပျဉ်းမနားမြို့နယ်၌ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း စုံညီပွဲတော်နှင့် ဝါးလက်မှုပြပွဲ၊ ဈေးရောင်းပွဲတော်ကျင်းပ

နေပြည်တော်  ၁၉  စက်တင်ဘာ

 

မြန်မာနိုင်ငံ  ဝါးစိုက်ပျိုးရေးအသင်းက ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးသူများစုံညီ ပွဲတော်နှင့် ဝါးလက်မှုပြပွဲ၊ ဈေးရောင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ပျဉ်းမနားမြို့၊ မင်္ဂလာ ကန်တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ နှင့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းတို့က အဖွင့်အမှာစကား ပြောကြားသည်။ 

 

ဆက်လက်၍  မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း နာယက ဒေါက်တာစိန်စိန်သိန်းက သဘာဝပတ်ဝန်းကျင်ရေးရာ သိကောင်းစရာများအကြောင်းနှင့် သစ်တောတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစန်းဝင်းမှ ဝါးပင်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများက မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းသား၊ အသင်းသူများမှ ခင်းကျင်းပြသထားသည့် ဝါးလက်မှုပညာပြခန်းများနှင့် အရောင်းပြခန်းများအား ကြည့်ရှု့လေ့လာကြသည်။

 

ဝါးစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ဝါးပင်များဟာ လက်တွေ့မှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မြန်မြန်ဆန်ဆန် အထောက်အပံ့ပေးနိုင်တဲ့ အပင်ဖြစ်ပြီး၊ ရာသီဥတု မမှန်ကန်တဲ့ အနေအထားတွေမှာ ဝါးပင်ကို စိုက်ပျိုးခြင်းဖြင့် ရာသီဥတုတွေ ပြန်လည် မှန်ကန်လာနိုင်ကြောင်းနှင့် ကျေးလက်နေပြည်သူများအ နေဖြင့်လည်း ဝါးကနေ ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေရရှိပါကြောင်း၊ ယင်းကြောင့် ဝါးကိုကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးစေလိုကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဗဟိုအဖွဲ့ဝင် ဦးစန်းလွင်က ပြောသည်။

 

အဆိုပါ ဝါးလက်မှုပညာပြပွဲနှင့် ဈေးရောင်းပွဲတော်ကို စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ အထိ နှစ်ရက်တိုင်းတိုင်းခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)