ပါပူဝါနယူးဂီနီ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်မှု မရှိ

၄ စက်တင်ဘာ

 

 

ပါပူဝါနယူးဂီနီ နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်မှု မရှိကြောင်း၊ ကူးစက်ခံရသူ စုစုပေါင်း ၄၇၁ ဦး ရှိပြီး ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ငါးဦး ရှိကြောင်း ယမန်နေ့ နှောင်းပိုင်းက အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

 

 

ပြည်နယ် ၁၂ ခုတွင် ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့ပြီး အနောက်နယူးဗြိတိန်ပြည်နယ်တွင် ကူးစက်သူ နှစ်ဦး တွေ့ရှိခဲ့သည်။

 

 

အမျိုးသား ရောဂါကူးစက် တုံ့ပြန်မှုဆိုင်ရာ ထိန်းချုပ်သူ ဒေးဗစ် မန်းနင်း က ရောဂါလက္ခဏာပြသူများ အနေဖြင့် စမ်းသပ်စစ်ဆေးမှုများလုပ်ဆောင်ကြပါဟု ပြောကြားထားသည်။

 

 

ရောဂါစမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်မှသာ မည်သည့်အရပ်တွင် ရောဂါကူးစက်ခံသည်ကို သိရှိရမည်ဖြစ်ကြောင်းနှင့် ထပ်မံကူးစက်မှုများ မရှိစေရန် ကူးစက်မှု တုံ့ပြန်ရေးဆိုင်ရာ အစီအမံများ ထားရှိနိုင်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

 

ပြီးခဲ့သည့်လ အစောပိုင်းက ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေး အစီအမံများနှင့် လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရေး အစီအမံများကို လိုက်နာစေကာ အများပြည်သူ စုဝေးရာ နေရာများ၊ စာသင်ကျောင်းများနှင့် လုပ်ငန်းခွင်များကို ဆက်လက် လုပ်ကိုင်စေခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို