ပရီမီယာလိဂ် ရှုံးပွဲကြုံတွေ့ရပြီဖြစ်သည့် လီဗာပူး

ပရီမီယာလိဂ် ပွဲစဉ် (၁၁) ၏ နောက်ဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၇ ရက် ညပိုင်းက ဝက်စ်ဟမ်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဝက်စ်ဟမ်းအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ယခုနိုင်ပွဲ ကြောင့် ပွဲစဉ် (၁၁)အပြီးတွင် ရမှတ် ၂၃ မှတ် ဖြင့် အမှတ်ပေးဇယား အဆင့် (၃)နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သည့် ပရီမီယာလိဂ် လေးပွဲတွင် လေးပွဲစလုံး နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက်လီဗာပူးအသင်းက ယခုပွဲရှုံးနိမ့်မှုကြောင့် ရမှတ် ၂၂ မှတ်ဖြင့် အဆင့် (၄) နေရာ တွင် ရပ်တည်နေသော်လည်း ဦးဆောင်သူ ချယ်ဆီးအသင်းနှင့် ရမှတ်ကွာဟမှု လေးမှတ် အထိရှိလာခဲ့ပြီဖြစ်သည်။

နိုင်ပွဲရရှိရေးကို နှစ်သင်းစလုံး ဦးတည်လာသည့်အတွက် ပွဲစသည်နှင့်တစ်ပြိုင်နက် အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ လီဗာပူးအသင်းသည် ယနေ့ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းအပေါ် ဖိအားပေး ထိန်းချုပ်  ကစားနိုင်ခဲ့သော်လည်း အသင်းကစားသမားများ အဆုံးသတ်မသေချာမှု၊ ဝက်စ်ဟမ်းအသင်း ခံစစ်နှင့် ဂိုးသမားတို့ ဟန့်တားရှင်း ထုတ်နိုင်ခဲ့သောကြောင့် နိုင်ပွဲနှင့် ဝေးကွာခဲ့ရခြင်းဖြစ်သည်။ ပွဲချိန် လေးမိနစ်တွင် လီဗာပူးဂိုးသမား ဘက်ကာ၏ အမှားမှတစ်ဆင့် ဝက်စ်ဟမ်းအသင်း အဖွင့်ဂိုးရရှိခဲ့သည်။ အဖွင့်ဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးအသင်း ချေပဂိုးရရှိရေး ကြိုးစားလာရာ ပွဲချိန် ၄၁ မိနစ်တွင် အာနိုးက သွင်းယူပေးနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဝက်စ်ဟမ်းအသင်း၏ ကစားအားကောင်းမွန်လာခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့သည်။ ဝက်စ်ဟမ်းအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် ဖော်နေးလ်က သွင်းယူပေးကာ တတိယဂိုး ကို ပွဲချိန် ၇၄ မိနစ်တွင် ဇူးမားက သွင်းယူပေးနိုင်ခဲ့သည်။ လီဗာပူးအသင်းအတွက် ဒုတိယချေပဂိုးကို ပွဲချိန် ၈၃ မိနစ်တွင် လူစားဝင်ကစားသမား အိုရီဂီက သွင်းယူပေးနိုင်ခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ယခုနှစ်ရာသီတွင် ခြေစွမ်းပြကစားထားနိုင်သည့်အသင်း ဖြစ်ကာ ကာရာဘောင် ဖလားပြိုင်တွင် မန်ယူ၊ မန်စီးတီးစသည့် နာမည်ကြီးအသင်းများကိုကျော်ဖြတ်၍ ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်ထားနိုင်သလို ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း အုပ်စုပွဲစဉ်များ မပြီးဆုံးမီ ရှုံးထွက်အဆင့်သို့ တက်ရောက်ထားနိုင်သည့် အသင်းဖြစ်သည်။

ဝက်စ်ဟမ်းအသင်းသည် လာမည့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၀ ရက်တွင် ဝုဖ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး လီဗာပူးအသင်းက နိုဝင်ဘာ ၂၁ ရက်တွင် အာဆင်နယ်အသင်းနှင့် ဆက်လက် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အောင်ဇော်