ပရီမီယာလိဂ်ပွဲစဉ်(၂၅) မန်ယူတို့ အဝေးကွင်း၌ လက်စတာကို အနိုင်ယူ

၄ ဖေဖော်ဝါရီ

 

ပရီမီယာလိဂ်ပွဲစဉ်(၂၅)အဖြစ် လက်စတာနှင့် မန်ယူတို့ ဖေဖော်ဝါရီ ၃ ရက်က ယှဉ်ပြိုင်ကစားရာ ရက်ချ်ဖို့ဒ်၏ သွင်းဂိုးဖြင့် မန်ယူတို့ အနိုင်ရရှိခဲ့သည်။ မန်ယူတို့ ယခုပွဲအနိုင်ရရှိရေးအတွက် ကြိုးစားခဲ့သလို လက်စတာတို့ကလည်း အိမ်ကွင်း၌ အနိုင်ရရှိရေး ကြိုးပမ်းခဲ့သည်။ မန်ယူ အတွက် အဖွင့်ဂိုးကို ပွဲချိန် ၉ မိနစ်တွင် တိုက်စစ်မှူးရက်ချ်ဖို့ဒ်က သွင်းယူပေးခဲသည်။ လက်စတာတို့ ချေပဂိုးရရှိရေး ကြိုးစားသော်လည်း ပထမပိုင်းတွင် တစ်ဂိုး - ဂိုးမရှိဖြင့် မန်ယူတို့ ပွဲကို ဦးဆောင်ခဲ့သည်။

 

ဒုတိယပိုင်းတွင် လက်စတာတို့ ခြေအသာဖြင့် ဖိကစားခဲ့သလို မန်ယူ အသင်းသားများနှင့် ဂိုးသမား ဒီဂီယာ တို့ကလည်း ခုခံကာကွယ်နိုင်သဖြင့်သာ ဂိုးမပေးခဲ့ရပေ။ ပွဲပြီးခါနီး၌ လက်စတာတို့ ပိုမိုဖိကစားခဲ့ပြီး ဂိုးသမား ဒီဂီယာက လက်စတာကစားသမားများ၏ အပိုင် ဂိုးသွင်းချက်များကို ကာကွယ်နိုင်ခဲ့သည်။

 

ပွဲပြီးဆုံးချိန်တွင် မန်ယူတို့ တစ်ဂိုး- ဂိုးမရှိဖြင့် အဝေးကွင်းနိုင်ပွဲရရှိပြီး နည်းပြဆိုးလ်ရှား လက်ထက်၌ ပရီမီယာ လိဂ် ကိုးပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ရရှိခဲ့သည်။ 

 

သီဟ