ပထမအကြိမ် ကရင်စာပေမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ဖာပွန်မြို့၌ ကျင်းပ

ဖာပွန် ၂၈ မေ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဖာပွန်မြို့နယ်အတွင်းရှိ ကရင်စာပေသင်ကြားနေသော ဆရာ/ဆရာမများအား ကရင်တိုင်းရင်းသား စာပေများကို ကျွမ်းကျင်စွာနှင့် ပိုမိုထိရောက်စွာ သင်ကြားပေးနိုင်ရေးအတွက် ပထမအကြိမ် ကရင်စာပေမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၂၈ ရက် နံနက် (၈)နာရီ အချိန်က ဖာပွန်မြို့နယ် အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်း ကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောစိန်ကြည်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမိုးကျော်အောင်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးစောဘူးသောက လူမျိုး တစ်မျိုးစီတိုင်းအတွက် စာပေသည် မရှိမဖြစ် လိုအပ်ကြောင်း၊ ကရင်တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိဘာသာစကား၊ ရိုးရာယဉ်ကျေးမှု အနုပညာများကို အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ သိရှိစေရန်နှင့် စာပေနှင့် ယဉ်ကျေးမှုအနုပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ကရင်စာပေမွမ်းမံသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား/သူ (၂၀)ဦးအား သင်တန်းနည်းပြဆရာ(၄)ဦးမှ စာပေသင်ကြားမှုပုံစံများ၊ သင်ကြားရမည့် နည်းစနစ်များနှင့် ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာ ဝေါဟာရနှင့် ပတ်သက်သည့် ဘာသာရပ်များကို မေ လ ၂၈ရက်မှ ၃၀ရက် နေ့အထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သူများ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

အောင်မျိုးလွင်(ပြန်/ဆက်)