ပထမအကြိမ် မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲကျင်းပ

ရန်ကုန် ၉ ဇူလိုင်

ပထမအကြိမ် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ခြင်းလုံးအားကစားသမား ၄၀ဝ ခန့်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

 

5758

 

ရှေးဦးစွာ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယကများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး ပထမနေ့ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။

 

5829

 

အဆိုပါပြိုင်ပွဲတွင် ၁၀ ပေါက်တန်း၊ ၆ ပေါက်တန်း၊ ၄ ပေါက်တန်း၊ အမျိုးသမီး ၄ ပေါက်တန်းပြိုင်ပွဲများဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၃၈ သင်း  ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲကို ဇူလိုင် ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ၌ ဆုကြေးအဖြစ် ပထမဆု ငွေကျပ် ၃၅ သိန်း၊ ဒုတိယဆု ကျပ်သိန်း ၂၀၊ တတိယဆု ကျပ် ၁၀ သိန်းအပြင် ငွေသားစစ်စစ်ဖြင့် ပြုလုပ်ထားသော ခြင်းလုံးများ အတန်းလိုက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
 
သတင်းနှင့်ဓာတ်ပုံ-အာကာစိုး