ပထမဆုံး မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်ခရီးစဉ် စတင်ထွက်ခွာ

ရန်ကုန်  ၁၉  ဇွန်

 

မြန်မာ-ထိုင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် အနာဂတ်ကာလတွင် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်ခရီးစဉ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန် ၁၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကာ ခရီးစဉ်အား နံနက် ၅ နာရီခွဲတွင် တာဝန်ရှိ သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ယာဉ်တန်း စတင်ထွက်ခွာရန် တာလွှတ် ပေးသည်။

 

“ဒီကနေ့ဟာဆိုရင် မြန်မာနိုင်ငံခရီး သွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းနှင့် Tourism Authority of Thailand ( TAT) တို့ ပူးပေါင်းပြီး မြန်မာ-ထိုင်းနယ်စပ်ဖြတ်ကျော် ခရီးစဉ်ကို မြန်မာနိုင်တွင် ပထမဆုံးကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်၊ ခရီးစဉ်ကို ဒီနေ့ကစပြီး ဇွန် ၂၃ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်၊ ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေးအတွက် တစ်ဖက် တစ်လမ်းကနေ အထောက်အကူပြုနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

 

အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံသားပိုင် 4 wheels မော်တော်ယာဉ် ၂၆ စီး၊ လူဦးရေ ၇၄ ဦး လိုက်ပါသွားကြောင်း၊ ရန်ကုန်မြို့မှ ထားဝယ်၊ ယင်းမှတစ်ဆင့် ထီးခီး၊ ကန်ချနပူရီ၊ ပီဆန်နူလောက်ခ်၊ ဆူကိုထိုင်း၊ မဲဆောက်၊ မြဝတီ၊ ဘားအံ လမ်းကြောင်းအတိုင်း ရန်ကုန်သို့ ပြန်လာမည်ဖြစ်ကြောင်း သိရသည်။ 

 

“ကျွန်တော်တို့ မြန်မာနိုင်ငံထဲကို အိမ်နီးချင်းနိုင်ငံတွေက ယခုလိုနယ်စပ် ဖြတ်ကျော်ခရီးစဉ်တွေ ကြိမ်ဖန်များစွာ လာရောက်ဖူးပါတယ်၊ ဒီတစ်ခါတော့ ရန်ကုန် ဇွန် ၁၈ မြန်မာ-ထိုင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် အနာဂတ်ကာလတွင် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်ခရီးစဉ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ကျင်းပပြုလုပ်သည်။ မြန်မာနိုင်ငံသားခရီးသွားတွေ အနေနဲ့ သူများနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ပြီး ယာဉ်တန်းကြီးနဲ့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပါတယ်၊ ဒါဟာ မြန်မာနိုင်ငံက နယ်စပ်ဖြတ်ကျော်ပြီး Outbound Tour ကို စတင်လိုက်ခြင်း ဖြစ်ပါတယ်၊ နောက်ပိုင်းမှာ အခုလို နယ်စပ်ဖြတ်ကျော်ပြီး ဗီယက်နမ်၊ လာအိုနိုင်ငံတွေကိုလည်း သွားရောက်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

 

“ကျွန်မတို့ မြန်မာနိုင်ငံကို လာရောက်တဲ့ ပြည်ပခရီးသွားတွေထဲမှာ အာရှက ၇၀ ရာခိုင်နှုန်းဖြစ်ပါတယ်၊ ဒီထဲမှာ ၃၀ ရာခိုင်နှုန်းက ထိုင်းနိုင်ငံက ဖြစ်ပါတယ်၊ ယခုလို မြန်မာနိုင်ငံက နယ်စပ်ဖြတ်ကျော် ခရီးစတင်နိုင်ခဲ့တာဟာ ထိုင်း ခရီးသွားတွေ မြန်မာနိုင်ငံထဲကို ပိုမိုလာရောက်ဖို့အတွက် လမ်းကြောင်းသစ်တစ်ခု ဖော်ဆောင်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်၊ နှစ်နိုင်ငံခရီးသွား ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းသည် ၂၀၁၄ ခုနှစ်မှစပြီး ယင်းကဲ့သို့ မော်တော်ယာဉ် တန်းချီ၍ ခရီးသွားခြင်းကို တစ်နှစ်နှစ်ကြိမ်နှုန်း ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ ၆ ကြိမ်မြောက်ဖြစ်ကြောင်း၊ သို့သော်လည်း ပြည်ပခရီးစဉ်အနေဖြင့် ပထမဆုံးဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-မြင့်မောင်စိုး