ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော်ယာဉ်တန်းခရီးစဉ် ဖွင့်ပွဲအခမ်းအနား

ထားဝယ် ၁၉ ဇွန် 

 

ထိုင်းနိုင်ငံ Tourism Authority of Thailand ( TAT )၏ဖိတ်ကြားချက်အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၏ ကြီးကြပ်မှုဖြင့် Myanmar Tourism Marketing ( MTM )မှ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းကိုမြှင့်တင်ခြင်း၊မြန်မာနိုင်ငံ၏ အမည်ကို ကြော်ငြာခြင်းများအပြင် နှစ်နိုင်ငံခရီးသွားလုပ်ငန်းအကျိုးဖြစ်ထွန်းမှုကို မျှဝေခံစားကြရန်ရည်ရွယ်ဖော်ဆောင်သည့် ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော်ယာဉ်တန်းခရီးစဉ် Myanmar Heritage Trail Tourism Rally ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၄ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ထားဝယ်ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ ့သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က အဖွင့်အမှာ စကားပြောကြားရာ၌ တနင်္သာရီတိုင်းဒေသကြီးတွင်ကျွန်းပေါင်း(၈၀ဝ)ကျော်၊အပန်းဖြေနားနေစရာကမ်းခြေများ ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့်ဆန်းကြယ်လှပသော သဘာဝတောတောင်ရေမြေများရှိပြီး ပြည်တွင်း/ပြည်ပမှ ခရီးသွားများ အတွက် လည်ပတ်စရာကောင်းသော ဒေသတစ်ခုလည်းဖြစ်ကြောင်း ၊ တနင်္သာရီတိုင်းဒေသကြီးရဲ့အမှတ်တံဆိပ်ကို ထင်ရှားပေါ်လွင်စေဖို့နိုင်ငံတကာခရီးသွားများ ပိုမိုရောက်ရှိလာစေဖို့အတွက် နိုင်ငံအတွင်း ယာဉ်တန်းခရီးစဉ်များ ၊ နိုင်ငံပြည်ကျော် ယာဉ်တန်းခရီးစဉ်များအား ပိုမိုထိရောက်သော ကြော်ငြာမြှင့်တင်မှုပဲဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးခရီးသွားလုပ်ငန်းရေရှည် တည်တံ့အောင်မြင်တိုးတက်ဖို့ ခရီးစဉ်ဒေသအသစ်များဖော်ဆောင်ပြီး ယခုကဲ့သို့အစီအစဉ်များလည်း စဉ်ဆက်မပြတ် ပြုလုပ်သွားလျှင် ခရီးသွားလုပ်ငန်းဟာ အမြန်ဖွံ့ဖြိုးတိုးတက်သွားမှာဖြစ်ကြောင်းဝိုင်းဝန်းပြီးပူးပေါင်းဆောင်ရွက်ပေးကြရန် လိုကြောင်းပြောကြားသည်။

ထိုနောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက အမှာစကားပြောကြားပြီး Myanmar Tourism Marketing ဥက္ကဋ္ဌ ဒေါ်မေမြတ်ဝင်း က Myanmar Heritage Trail Tourism Rally နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊Myanmar Tourism Marketing ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က Myanmar Heritage Trail Tourism Rally အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ယာဉ်တန်းများသည်ထားဝယ်ဟိုတယ်မှ စတင်၍ထီးခီးသို့ထွက်ခွာမည်ဖြစ်သည်။

 

ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော်ယာဉ်တန်းခရီးစဉ်သည် မြန်မာ-ထိုင်းချစ်ကြည်ရေးကို ပိုမိ်ုတည်တံ့စေရန်နှင့်(၂) နှစ်နိုင်ငံအကြားခရီးသွားလုပ်ငန်းရှင်များ အနာဂတ်တွင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ထိုင်းနိုင်ငံခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း၏စီစဉ်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးဆောင်သည့်အဖွဲ့ဝင်စုစုပေါင်း(၇၄)ဦးတို့သည် မြန်မာ မော်တော်ယာဉ်(၂၆)စီးနှင့်အတူ ရန်ကုန်၊ထားဝယ် ၊ထီးခီး၊ ကန်ချနာဘူရီ၊ ဆူဖန်ဘူးရီ၊ ပီဆန်နူလော့ခ်၊ ဆူကိုထိုက်၊ တက်၊ မဲဆောက် ၊ မြဝတီ မြို့များသို့ဇွန် ၁၈ ရက်နေ့မှ ဇွန် ၂၃ ရက်နေ့အထိ Myanmar Heritage Trail Tourism Rally ခရီးစဉ် ကိုသွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

( ထားဝယ်ခရိုင်ပြန်/ဆက်)