ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)

ဒေါက်တာကျော်ဇံအောင်(ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)

Myanmar Health Sciences Conference (2023)

ကျန်းမာရေးဝန်ကြီးဌာန၏ ပထမဆုံးအကြိမ်အဖြစ်ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) “Myanmar Health Sciences Conference (2023)” ကို မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (Myanmar Health Sciences Conference) ၏ အဓိကဦးတည်ချက်ခေါင်းစဉ်အနေဖြင့် အရည်အသွေးရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု (Quality Care in Medical Practice) ဟု သတ်မှတ်၍ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ (Symposium) ၄၉ ခုနှင့် ဆေးလက်တွေ့ဆွေးနွေးခြင်းကဏ္ဍ (Clinical Sessions) လေးခုအပြင် အာရှနှင့် အရှေ့တောင်အာရှဒေသတွင်းမှ ဆေးပညာရှင် ၁၁ ဦး၏ Special Talks များကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။

ရည်ရွယ်ချက်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိစေရန်၊ ကျန်းမာရေးကဏ္ဍနယ်ပယ် အသီးသီးမှ ပညာရှင်များ ပါဝင်ဆင်နွှဲနိုင်စေခြင်းဖြင့် ခေတ်မီဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်နေမှုများနှင့်ပတ်သက်၍ သိရှိနားလည်နိုင်စေရန်၊ ကျန်းမာ ရေးနယ်ပယ်အသီးသီးမှ ဆေးပညာရပ်များဆိုင်ရာ ပညာရှင်များအချင်းချင်း အပြန်အလှန်ပေါင်းစပ် ညှိနှိုင်းသင်ကြားရေးနှင့် ကုသရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆေးနှင့်ဆေးနှီးနွှယ် ပညာရှင်များအနေဖြင့် တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးလိုသည့် အစဉ်အလာဖြစ်ထွန်းစေရန်၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင် အထောက်အကူပြုနိုင်စေရန်တို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲကို ပထမဆုံးအကြိမ် ကျင်းပရခြင်း ဖြစ်သည်။

အဆိုပါနှီးနှောဖလှယ်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးနှင့် သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ရုံးအောက်ရှိ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးပညာရှင်များ၊ အငြိမ်းစားကျန်းမာရေးပညာရှင်များ၊ အငြိမ်းစားတပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပြင်ပဆရာဝန်များစသည့် မြန်မာနိုင်ငံရှိ ဆေးပညာရှင်များသာမက အာရှနှင့် အရှေ့တောင်အာရှဒေသတွင်းမှ ဆေးပညာရှင်များလည်း တက်ရောက်ဟောပြော ဆွေးနွေးကြမည်ဖြစ်သည်။

နှီးနှောဖလှယ်ပွဲအကြိုကာလအနေဖြင့် ဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲများ

 မတ်လ ၁၀ ရက်နေ့တွင် နှီးနှောဖလှယ်ပွဲ အကြိုကာလအနေဖြင့် ဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲများ (Pre-Conference Workshops) ဖြစ်သော ထိုင်းနိုင်ငံ Mahidol တက္ကသိုလ်မှ Professor Weerasak Muangpaisan ဦးဆောင်ပါဝင်သည့် Geriatric medicine, mild cognitive impairment and dementia အကြောင်းအရာနှင့် ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) တွင် လည်းကောင်း၊ စင်ကာပူနိုင်ငံမှ ဆေးပညာရှင် Dr. Tan Soo Yong ဦးဆောင်ပါဝင်သော Pitfalls in Histopathology Diagnosis နှင့် ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲကို နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေရောဂါကု ဆေးရုံကြီးတွင် လည်းကောင်း၊ High quality CPR and early defibrillation, Emergency management of cardiac arrest patient in hospital setting အကြောင်းအရာနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို အရေးပေါ်အသက်ကယ်သင်တန်းကျောင်း (နေပြည်တော်) တွင်လည်းကောင်း၊ Basic Point-of-Care Ultrasound Training Course ကို နေပြည်တော်ရှိ သားဖွားမီးယပ်ရောဂါအထူးကု ဆေးရုံကြီးတွင်လည်းကောင်း ၊ Basic Laparoscopy Course ကို နေပြည်တော်ရှိ ကလေးရောဂါ အထူးကုဆေးရုံကြီးနှင့် Gastric Cancer Awareness and Gastrectomy အကြောင်းအရာနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) တို့တွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

နှီးနှောဖလှယ်ပွဲ အကြိုကာလအနေဖြင့် ဆောင်ရွက်မည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ 

ထို့ပြင် အကြိုနှီးနှောဖလှယ်ပွဲအနေဖြင့် ဆောင်ရွက်မည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ (Pre-Conference Activities) ဖြစ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး၊ သံတွဲမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတို့တွင် ခွဲစိတ်ကုသမှုများ ပြုလုပ်ဆောင်ရွက်သွား မည်ဖြစ်သည်။ မျက်စိအတွင်းတိမ်ရောဂါ ခွဲစိတ်ကုသပေးခြင်းများကို နေပြည်တော်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့ရှိ မျက်စိအထူးကုဆေးရုံကြီး၊ ပုသိမ်မြို့ ရှိ အထွေထွေရောဂါကုဆေးရုံကြီး ခုတင် (၅၀၀)၊ မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး ခုတင် (၅၀၀)၊ မအူပင်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ခွဲစိတ်ကုသမှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ကျောင်းသား ကျောင်းသူများကို မျက်စိစမ်းသပ်ပေးခြင်းနှင့် မျက်မှန်များ အခမဲ့ပေးဝေခြင်း တို့ကို နေပြည်တော်ရှိ ကျောင်းရှစ်ကျောင်းတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

လုပ်ငန်းကော်မတီများ သတ်မှတ်ထားရှိကာ ဆောင်ရွက်ခြင်း

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ (Myanmar Health Sciences Conference)” အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီ၊ စာပေရေးရာလုပ်ငန်း ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်း ကော်မတီ၊ သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုနေရာချ ထားရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ ပြခန်း ခင်းကျင်းပြသရေးလုပ်ငန်းကော်မတီနှင့် ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီစသည့် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့် လစ်ဟာမှုမရှိအောင် အထူးကြိုးစား ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ပြခန်းများခင်းကျင်းပြသခြင်း

ဆေးပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရပ် Society အစုံပါဝင်သည့် ပြခန်း များနှင့် ဆေးနှင့် ဆေးပစ္စည်း ကုန်သည်ကြီးများ အသင်းမှပြခန်းများ ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ၎င်းပြခန်းများတွင် မိမိသက်ဆိုင်ရာဘာသာရပ်နှင့် ပတ်သက်သည့် ခေတ်မီစက်ကိရိယာများနှင့် ဆေးဝါးများကို ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ကျန်းမာရေး ပညာပေးအစီအစဉ်များလည်း ပါဝင် မည်ဖြစ်သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ပြခန်း၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဆေးပညာရပ်ဆိုင်ရာပြခန်းများ၊ စက်မှုဝန်ကြီးဌာန၏ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်မှု ဆိုင်ရာပြခန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၏ ပြခန်းများလည်း ပါဝင်ခင်းကျင်းပြသသွားမည်ဖြစ်သည်။ အဆိုပါ ပြခန်းများတွင် သက်ဆိုင်ရာဦးစီးဌာနများ၏ စွမ်းဆောင်နိုင်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံ များ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ စာအုပ်စာစောင်များ၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို နိုင်ငံ တကာအဆင့်မီ အခြေအနေတစ်ရပ်အထိ အောင်မြင်စွာကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ခဲ့မှုများနှင့် အခြား စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဝေဝေဆာဆာဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်သည်။ 

ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်နှင့် သူနာပြု စသည့်ဆေးပညာရှင်များပါဝင်ခြင်း

ယခုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲတွင် ဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် သူနာပြုများစသည့် ဆေးပညာရှင် များသည် မိမိတို့နှင့်သက်ဆိုင်သောဆေးပညာရပ်များကို ဆွေးနွေးပြောကြားမည်ဖြစ်သည်။ ထို့ပြင် ပြည်ပမှ ဆေးပညာရှင်များကလည်း ၎င်းတို့၏ အတွေ့အကြုံများနှင့် ဆေးပညာရပ်များကို အသီးသီးဆွေးနွေးပြောကြားမည်ဖြစ်သည်။ 

နောင်လာမည့် နှီးနှောဖလှယ်ပွဲများတွင် ဆေးဝါးပညာရှင်များနှင့် ဆေးဘက်ပညာရှင်များ၏ အခန်း ကဏ္ဍများပါ ပါဝင်နိုင်အောင် ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ 

ကျန်းမာရေးပညာရှင်များအချင်းချင်း အပြန်အလှန် သင်ယူခြင်း/ပူးပေါင်းလုပ်ဆောင်ခြင်း  (Interprofessional Education - IPE)

အရည်အသွေးပြည့်မီသော၊ ကျွမ်းကျင်သော ဘွဲ့ရများမွေးထုတ်ရေး၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေ့စပ်သေချာသော ရေတိုရေရှည်စီမံကိန်းများ ချမှတ် လုပ်ဆောင်မှု၊ လျောက်ပတ်သင့်လျော်သည့် မဟာဗျူဟာများကျင့်သုံးမှုနှင့် အချိန်/လူ/ပစ္စည်း အရင်း အမြစ်မြှုပ်နှံမှုတို့ လိုအပ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး ခြုံငုံတိုးတက်စေရေး အတွက် နည်းလမ်းရှာကြရာတွင် ကျန်းမာရေး ပညာရှင်များအချင်းချင်း အပြန်အလှန်သင်ယူမှု (IPE) က နည်းလမ်းတစ်ခုဖြစ်ကြောင်း ယခုအခါ လက်ခံလာကြပြီဖြစ်သည်။ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် အင်အားချို့တဲ့မှုကို ပြန်လည်ဖြည့်ဆည်းမိရန်၊ လုပ်ငန်းခွင်ရှိ ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် စွမ်းဆောင်မှု တိုးတက်မြင့်မားလာစေရန် လုပ်နိုင် သော နည်းလမ်းအဖုံဖုံအနက် တစ်ခုတည်းသော နည်းလမ်းက IPE ကို စတင်လုပ်ဆောင်ခြင်း ဖြစ်သည်။ ကျန်းမာရေးပညာရှင်များအချင်းချင်း အပြန်အလှန်သင်ယူမှု (IPE) ကို ကမ္ဘာတစ်ဝန်းလုံး အရှိန်အဟုန်မြှင့် ကြိုးစားလုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

IPE ကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် ကွဲပြားခြားနားသော ဘာသာရပ်နှစ်ခု သို့မဟုတ် နှစ်ခုအထက် နယ်ပယ်အတွင်းမှ သင်တန်းသားများ တစ်ဦးအကြောင်းကို တစ်ဦးကသင်ယူခြင်း၊ အချင်းချင်း အပြန်အလှန်သင်ယူခြင်း၊ အတူတူပူးတွဲသင်ယူခြင်းတို့ကြောင့် ကျန်းမာရေးဝန်ဆောင်မှု ပိုမိုထိရောက် လာခြင်း၊ အချင်းချင်း ပါဝင်ပူးပေါင်းမှု မြင့်မားလာခြင်း၊ ကျန်းမာရေးညွှန်းကိန်းများ/ ရလဒ်များ ပိုမိုကောင်းမွန် တိုးတက်လာခြင်းတို့ ဖြစ်ထွန်းခဲ့ပါက ကျန်းမာရေးပညာရှင်များအကြား သင်ယူခြင်းကိစ္စ ပြီးမြောက်သည်ဟု ဆိုနိုင်သည်။ IPE ဆိုသည်မှာ မတူညီသော ဘာသာရပ်နှစ်ခု သို့မဟုတ် နှစ်ခု အထက် နယ်ပယ်အတွင်း လေ့ကျင့်သင်ယူနေသည့် သင်တန်းသားများနှင့်ရော သင်တန်းဆရာများနှင့် ပါ သက်ဆိုင်သည့်ကိစ္စဖြစ်သည်။ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အနေဖြင့် အရည်အချင်းပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် ၁၆ ခု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၅၃ ခု ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲကျင့်သုံးလျက်ရှိသည်။ ဆေးပညာကို အမှန်တကယ် စိတ်ပါဝင်စားသူများကိုသာ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက်လည်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၏ သတ်မှတ်ရမှတ်ပေါင်းတွင် အင်္ဂလိပ်၊ ဓာတုဗေဒနှင့် ဇီဝဗေဒ စသည့် ဘာသာရပ် သုံးဘာသာ ရမှတ်ပေါင်း အများ၊ အနည်းအလိုက် ရွေးချယ်ပြီး လူတွေ့နှုတ်ဖြေ စာမေးပွဲပြုလုပ်ကာ စိစစ်ရွေးချယ်၍ ဝင်ခွင့်ပြုသည့် စနစ်ကို ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှစတင်၍ ကျင့်သုံး နေပြီဖြစ်သည်။ ဆေးပညာသင်ရိုးညွှန်းတမ်းကို နိုင်ငံတကာ အဆင့်အတန်းမီစေရန်အတွက် မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်းစနစ် (Outcome Based Integrated Curriculum) သို့ ပြောင်းလဲသင်ကြားလျက်ရှိပြီး ဆေးပညာရပ်များသာမကဘဲ ကျင့်ဝတ်သိက္ခာပိုင်း ဆိုင်ရာများပါ ထည့်သွင်းသင်ကြားနေသည်။ ကျန်းမာရေးပညာရှင်များအချင်းချင်း အပြန်အလှန် သင်ယူခြင်း (IPE) / ပူးပေါင်းလုပ်ဆောင်ခြင်း (Interprofessional Collaborative Practice- IPCP) တို့ကိုပါ ထည့်သွင်းသင်ကြားပေးနေသည်။ ထို့ကြောင့် အရည်အချင်းပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့်ကိစ္စရပ်များဖြစ်သည့် ကျန်းမာ ရေးပညာရှင်များအချင်းချင်း အပြန်အလှန်သင်ယူခြင်း (IPE)/ပူးပေါင်းလုပ်ဆောင်ခြင်း (Interprofess-ional Collaborative Practice - IPCP) နှင့် ပတ်သက်သည့် Symposium ဖြစ်သော Essential Strategy for Quality Care in Medical Practice ကို ယခုကျင်းပမည့် နှီးနှောဖလှယ်ပွဲတွင် ထည့်သွင်း ဟောပြောဆွေးနွေးကြမည်ဖြစ်သည်။

မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ (Myanmar Aca-demy of Medical Science) နှင့် စာပေရေးရာ လုပ်ငန်းကော်မတီတို့ ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) “Myanmar Health Sciences Conference (2023)” ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် Academic Program ကို မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ (Myanmar Academy of Medical Science) နှင့် စာပေရေးရာ လုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်ထွန်း ဦးဆောင်သော စာပေရေးရာလုပ်ငန်းကော်မတီဝင်များနှင့် အတွင်းရေးမှူး အဖွဲ့ဝင်များသည် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ရပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့် Academic Program ကို အသေးစိတ် စီစဉ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ ဆွေးနွေးပွဲ (Symposium) ၄၉ ခုနှင့် ဆေး လက်တွေ့ဆွေးနွေးခြင်းကဏ္ဍ (Clinical Sessions) လေးခု ကျင်းပသွားမည်ဖြစ်ပြီး အာရှနှင့် အရှေ့ တောင်အာရှဒေသတွင်းမှ ဆေးပညာရှင်များဖြစ်သော ထိုင်းနိုင်ငံမှ Major General Professor Dr. Ouppatham Supasyndh သည် Role of Calcitriol in the management of Chronic Kidney Disease အကြောင်းအရာ၊ ဂျပန်နိုင်ငံမှ ဆေးပညာရှင် MD Takayuki Inagaki သည် Updates in Neurosurgery အကြောင်းအရာ၊ အိန္ဒိယနိုင်ငံမှ ဆေးပညာရှင် Dr. Sanjay Kalra သည် Basal Insulins: Addressing the Fasting Plasma Glucose Challenge အကြောင်းအရာ၊ စင်ကာပူနိုင်ငံမှ ဆေးပညာရှင် Dr. Tan Soo Yong သည် Challenges in Diagnosis of Lymphoma အကြောင်းအရာ၊ ထိုင်းနိုင်ငံမှ ဆေးပညာရှင် Dr.Taweesak Chotivatanapong သည် IHD: Stable Angina and Long term treatment အကြောင်းအရာ၊ ကိုရီးယားနိုင်ငံမှ ဆေးပညာရှင် Dr. Jieun Choi သည် Approach to the patients with CNS infection and encephalopathy အကြောင်းအရာ၊ ကိုရီးယားနိုင်ငံမှ ဆေးပညာရှင် Dr. Ha Nee Bae သည် Minimally Invasive Implant Treatment အကြောင်းအရာ၊ ကိုရီးယား နိုင်ငံမှ ဆေးပညာရှင် Dr. Hijin You သည် Introduction of Craniofacial Surgery အကြောင်းအရာနှင့် ဂျပန်နိုင်ငံမှ ဆေးပညာရှင် Dr . Naoko Kishi သည် Comprehensive Treatment for Cleft Lip and Palate အကြောင်းအရာ အစရှိသည့် ဟောပြောဆွေးနွေးပွဲ များ (Special Talks) ကို MICC-II ရှိ အခန်း (၆) ခန်းတွင် နှစ်ရက်ဆက်တိုက် ကျင်းပသွားမည် ဖြစ်သည်။

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် (၁၂) ရပ်အနက် လူမှုရေးဦးတည်ချက် ဖြစ်သည့် နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေးအတွက် ယခုကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှရရှိမည့် ပညာရပ်ဆိုင်ရာ အတွေ့အကြုံများ၊ ဗဟုသုတ များနှင့် နည်းပညာသစ်များကို သေချာစွာ လေ့လာသုံးသပ်ပြီး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပေသည်။ ယခုလိုကျင်းပခြင်းဖြင့် ပြည်သူများသည် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက် ပေးနေသည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင် မှုအခြေအနေများ၊ အဆင့်မြင့်ကုသရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ပြည်သူလူထုကို ဘေးဥပဒ်မဖြစ်စေရေးနှင့် လုံခြုံစိတ်ချရရေးအတွက် ဆောင်ရွက်နေ သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု အခြေအနေများ၊ အသစ်ထပ်မံတွေ့ရှိသော အဆင့်မြင့် ဆေးသုတေသနဆိုင်ရာ တွေ့ရှိချက်လုပ်ငန်းများ၊ တိုင်းရင်းဆေးပညာရပ်များအပါအဝင် ကျန်းမာရေး နှင့် သက်ဆိုင်သော ပြည်သူလူထု အကျိုးပြုလုပ်ငန်းများကို သိရှိနားလည်လာမည်ဖြစ်သည်။ ပြည်သူ လူထုအနေဖြင့် လိုက်နာကျင့်သုံးကြမည်ဆိုပါက ပြည်သူများ၏ မျှော်မှန်းသက်တမ်း တိုးတက်မြင့်မား လာမည်ဖြစ်ပြီး လူတိုင်းသက်တမ်းစေ့ နေထိုင်နိုင် ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းစေရေးဆိုသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုသည် မိမိတို့၏ ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျစရိတ် ပိုမိုသက်သာ လာမည်ဖြစ်ပြီး ပြည်သူအားလုံး လက်လှမ်းမီသည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ် ဖြစ်ပေါ်လာမည်ဖြစ်သည်။ ယခု ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှရရှိမည့် အကျိုးကျေးဇူးများ ကို အသုံးချပြီး ပြည်သူလူထုအား အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရုံသာမက နောင်အခါ ထပ်မံကျင်းပမည်ဆိုလျှင် အတွေ့အကြုံ ကောင်းများရရှိပြီးဖြစ်၍ ဆေးနှင့်ဆေးနှီးနွှယ်ပညာ ရှင်များအနေဖြင့်တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး လိုသည့် အစဉ်အလာဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ကြောင်း ရေးသားဂုဏ်ပြုလိုက်ပါသည်။ ။