ပထမဆုံးအကြိမ်အဖြစ် လူထုအား ပြင်သစ်သမ္မတ တောင်းပန်စကားဆို

ပြင်သစ်အစိုးရကို အံ့ဩတုန်လှုပ်စေသည့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က လူထုရှေ့တွင် တောင်းပန် စကားဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

ဖြစ်ပျက်ခဲ့သမျှသည် မိမိအပေါ်တွင်တာဝန်ရှိကြောင်း၊ မိမိပြောဆိုမှုများသည် တချို့လူများကို ထိခိုက်စေနိုင်ကြောင်း တနင်္လာနေ့ညက ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ပင်စင်လစာအပေါ် အခွန်တိုးမြှင့် ကောက်ခံမှုသည်လည်း မတရားဟု ယူဆရပါကြောင်း မက်ခရွန်က ပြောခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်များအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများသည် ပြင်သစ်ကျေးလက်နေလူထုကြား နှစ်ပေါင်း ၄၀ ကြာ မကျေနပ်မှုများကြောင့်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအခြေအနေများသည် စီးပွားရေးနှင့် လူမှုရေး အရေးပေါ်အခြေအနေကြောင့်ဖြစ်ကြောင်း သမ္မတက ကြေညာခဲ့သည်။

ပင်စင်လစာများအပေါ် အခွန်ငွေဖြတ်တောက်မှုနှင့်အနည်းဆုံးလစာကို အစိုးရက ၁၁၃ ဒေါ်လာ ထောက်ပံ့ရန်နှင့် အချိန်ပိုလခများအပေါ် အခွန်ငွေကောက်ခံမှုကိုလည်း ဖျက်သိမ်းလိုက်ပြီး စီးပွားရေးလုပ်ငန်းကြီးများနှင့် အလုပ်သမားများကို နှစ်ကုန်အထူး ဆုကြေးအဖြစ် အခွန်မဲ့ပေးကြရန်လည်း တိုက်တွန်းထားကြောင်း သမ္မတက ဆက်လက် ပြောကြားခဲ့သည်။

သို့သော် မက်ခရွန်က လမ်းမပေါ် ဆန္ဒပြသူများအနေဖြင့် ပြတင်းပေါက်များခွဲခြင်း၊ ဆိုင်များအတွင်း ဝင်လုခြင်း၊ ရဲများကို ပြန်လည်တိုက်ခိုက်ခြင်းများကို လုံးဝအလျှော့ပေး လက်ခံမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ဆန္ဒပြသူများ အဓိကတောင်းဆိုသည့် ရာထူးမှ နုတ်ထွက်ပေးရေးအပေါ် မက်ခရွန်အနေဖြင့် လိုက်နာမည့် အရိပ်အယောင်မတွေ့ရကြောင်း သိရသည်။ 

အေအက်ဖ်ပီ