ပထမပိုင်းသွင်းဂိုးများဖြင့် အိမ်ရှင်ကမ္ဘောဒီးယားကို မြန်မာအသင်း အနိုင်ယူ

 

ရန်ကုန်၊ မေ  ၇

 

(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) စတုတ္ထနေ့ကို မေ ၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာအသင်းသည် အင်ဒိုနီးရှားကို ဂိုးပြတ်အရေးနိမ့်ခဲ့သည့်ပွဲမှ အမှားများ၊ အားနည်းချက်များကို ပြင်ဆင်နိုင်ခဲ့သဖြင့် ယခုပွဲတွင် ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ဆီမီးတက်ရန် အခြေအနေ ကောင်းသွားပြီဖြစ်သည်။

 

မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် ပြည့်ဖြိုးသူ (ဂိုး)၊ ညဏ်လင်းထက်၊ သက်ဟိန်းစိုး၊ လတ်ဝေဘုန်း၊ ကောင်းထက်ပိုင်၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင်၊ ဟိန်းထက်အောင်၊ ခွန်ကျော်ဇင်ဟိန်း၊ အာကာကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ နှစ်သင်းစလုံး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီးယားခံစစ်မှာ အမှားများခဲ့သဖြင့် မြန်မာအသင်း အခွင့်အရေးများ ရခဲ့သည်။ ၁၂ မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုးရခဲ့ပြီး ဟိန်းထက်အောင်က ပယ်နယ်တီဧရိယာထိပ်မှ ကန်သွင်းခဲ့သည်။ ၃၈ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် နောက်ခံလူ သက်ဟိန်းစိုးက နောက်ပြန်ကန်ချက်ဖြင့် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ ဒုတိယပိုင်း တွင် အိမ်ရှင်ကမ္ဘောဒီးယားအသင်းက ချေပဂိုးရရန် ဆက်တိုက်ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း ခံစစ်အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး အမှတ်ပြည့်ရယူနိုင်ခဲ့သည်။

 

ပထမပွဲတွင် အင်ဒိုနီးရှားအသင်းက တီမောအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု (က) ၌ အင်ဒိုနီးရှားအသင်းက သုံးပွဲနိုင်၊ ရမှတ်ကိုးမှတ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ရန် သေချာသွားခဲ့သည်။ မြန်မာအသင်းသည် နောက်ဆုံးပွဲအဖြစ် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ကစားရုံဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည် ဖြစ်သည်။

 

ညီမြတ်သော်တာ

ဓာတ်ပုံ-MFF