ပါတီစုံဒီမိုကရေစီလမ်းကြောင်း၏ ဒုတိယခြေလှမ်းလျှောက်လှမ်းရန် လိုအပ်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်၍ အပြန်အလှန် လေးစား၊ အပြန်အလှန် အထောက်အကူပြု ဆောင်ရွက်သွားကြရမည်

နေပြည်တော် ၄  ဒီဇင်ဘာ

 

တိုင်းပြည်ကို အေးချမ်းသာယာပြီး တိုးတက်စေလိုသောစိတ်ရှိသည့် နိုင်ငံသားတစ်ဦးအနေဖြင့် စည်းကမ်းရှိခြင်း၊ တရားမျှတခြင်း၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်း၊ ညီညွတ်မျှတသော ပူးပေါင်း ဆောင်ရွက်မှုရှိခြင်း၊ နိုင်ငံကြီးသား ပီသခြင်း၊ အမျိုးဘာသာသာသနာကို စောင့်ထိန်းခြင်း၊ မိမိစွမ်းရည် သတ္တိထက်မြက်အောင် ဆောင်ရွက်အသုံးချခြင်း၊ အကြီးအကဲ ဂုဏ်ရည်ပြည့်ဝအောင် ကျင့်ကြံဆောင်ရွက်ခြင်း၊ အတွေးအခေါ်များ အမြဲရှင်သန်အောင် ဆောင်ရွက်ခြင်း စသည့်လူတစ်ဦးချင်းဆိုင်ရာ ကျင့်ကြံအားထုတ်မှုတို့ကို အမိစစ်တက္ကသိုလ်က လေ့ကျင့်ပျိုးထောင်ပေးမှုများ နှင့် ပေါင်းစပ် ပြီး မိမိဘဝတိုးတက်မှုကို ထာဝရရှင်သန်အောင် နေထိုင်ကြိုးစားကြရ မည်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်က ယနေ့နံနက် ၇ နာရီခွဲ တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၅၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဝဏ္ဏကျော်ထင် ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ နှင့် ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ နိုင်ငံခြားစစ်သံရုံးမှ စစ်သံမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေ မျိုးများ တက်ရောက်ကြသည်။

 

ဦးစွာအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းဗိုလ်လောင်း တပ်ရင်းများကို စစ်ဆေးသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်း တပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၇) မှ အောင်စစ်သည်ဆုနှင့် လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၆၄၆ ဗိုလ်လောင်း နေထက်လင်း၊ စာပေ ထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၆၂၃ ဗိုလ်လောင်း ထူးဝင့်မောင်၊ စာပေထူးချွန်ဆု (သိပ္ပံ)ရရှိသူ ဗိုလ်လောင်း အမှတ် ၂၉၉၁၁ ဗိုလ်လောင်း အောင်သူနိုင်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၅၈၁ ဗိုလ်လောင်း ဇော်လွင်ဦး တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် တပ်မတော် (ကြည်း၊ရေ၊လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့်အညီ တပ်မတော်၏ ခေါင်းဆောင် ငယ်များအဖြစ် မွေးထုတ်ပေးခဲ့ခြင်းဖြစ်၍ ထက်မြက်သည့် လက်ရုံးရည်၊ မှန်ကန်သည့် နှလုံးရည်များနှင့် ယုံကြည် ကိုးစားရသော ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် လေ့လာမှုသည် ဘဝတစ်လျှောက် အောင်မြင်တိုးတက်မှုကို အထောက်အကူ ပြုနေမည်ဖြစ်ကြောင်း၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် အတိုင်း လေ့လာမှတ်သားမှုများ စဉ်ဆက်မပြတ်ပြုလုပ်ပြီး ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်မှု များ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရရှိထားသည့် လေ့လာမှု၊ လေ့ကျင့်မှုတို့အပေါ် လုပ်ငန်းခွင်၌ လိုက်နာ ဆောင်ရွက်ခြင်းသည် အောင်မြင်မှုကို ရရှိစေမည်ဖြစ်ကြောင်း။

 

တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်၍ မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန် တည်ကြည်ရိုးသားမှုနှင့် တောင်တည့်ဖြောင့်မတ်မှန်ကန်သည့် ကိုယ်ကျင့် တရား မြင့်မားရန်လိုကြောင်း၊ မိမိကိုယ်ကို ကိုယ်ကျင့်တရားကောင်းသည့် ခေါင်းဆောင်များအဖြစ် အစဉ်ဂရုစိုက် ထိန်းသိမ်းရန် အလေးအနက် မှာကြားလိုကြောင်း၊ မျှတသည့်စိတ်ထား၊ မှန်ကန်သည့်သဘောထား၊ ရဲရင့်ပြတ် သားသည့် ဆုံးဖြတ်ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ယုံကြည်မှု၊ သစ္စာရှိမှု၊ အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းကျွမ်းကျင်မှုများဖြင့် လက်အောက် ငယ်သားများအပေါ် ရဲဘော်ရဲဘက်စိတ်ထား၍ ပြုမူဆက်ဆံသွားရမည် ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ လူ့ကျင့်ဝတ်တစ်ခုဖြစ်သကဲ့သို့ တပ်မတော်၏ ကျောရိုးဖြစ်၍ အထူး လိုက်နာ စောင့်ထိန်း ကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်း၏ အခြေခံဖြစ်သည့် စစ်သည်တော်ကျင့်ဝတ် (၆၀)ပါးကို ခါးဝတ် ပုဆိုးကဲ့သို့ မြဲမြံစွာ လိုက်နာသွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်စွမ်းရည်ရှိမှုသည် စစ်စည်းကမ်း ကောင်းမွန်မှု၊ ဥပဒေလေးစားလိုက်နာမှုပေါ်တွင် များစွာတည်ကြောင်း၊ ပြည်သူကရွေးချယ်သည့် နိုင်ငံရေးစနစ်သည်လည်း စည်းကမ်းကောင်းမွန်မှု၊ ဥပဒေလေးစားမှုအပေါ်တွင် တန်ဖိုးထားသည့်အတွက် ခေါင်းဆောင်များအနေဖြင့် ဥပဒေလေး စားလိုက်နာမှုကို စံနမူနာပြလုပ်ဆောင်ပြရန်လိုကြောင်း။

 

မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး လက်အောက်ကိုလည်း တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ရန်လိုကြောင်း၊ အတွေ့အကြုံ နုနယ်သေးသည့်ကာလများတွင် အလုပ်လုပ်ကိုင်သည့်အခါ စိတ်လိုက်မာန်ပါ မလုပ်ရန် လိုကြောင်း၊ အသိတရားနှင့် သတိတရားကို လက်ကိုင်ထားပြီး လုပ်ဆောင်သွားကြရန်လိုကြောင်း၊ အပျော်အပါး အသောက်အစား ကင်းကင်းဖြင့် တန်ဖိုးရှိရှိနေထိုင်ရန်၊ အသုံးနှင့်အဖြုန်းကို ခွဲခြားနားလည်ပြီး ဝင်ငွေနှင့် ထွက်ငွေကို မျှမျှတတ သုံးစွဲစုဆောင်းတတ်သည့် အလေ့အကျင့်ကိုပါ မွေးမြူသွားကြရန် မှာကြားလိုကြောင်း။

 

တပ်မတော်ကို အရည်အချင်းပြည့်ဝပြီး အရည်အသွေးရှိသည့် ခေတ်မီတပ်မတော် (Standard Army)အဖြစ် တည်ဆောက်နေချိန်ဖြစ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းရပ်အားလုံးကို ကြိုးကြိုးစားစား ဆောက်ရွက်သွားကြရန် လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များ အမြဲထက်မြက်နေရန်လိုကြောင်း၊ စွမ်းရည်သုံးရပ်ပြည့်စုံမှသာ ပေးအပ်သည့် အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုမှ ပေါက်ဖွားလာကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူ တို့အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှ လွတ်လပ်ရေးရသည်အထိ ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည်ပြီး လက်တွဲတိုက်ပွဲဝင်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ အချိန်ထိ အရေးကြုံတိုင်း ပြည်တွင်းပြည်ပ အန္တရာယ် အသွယ်သွယ်ကို တိုက်ဖျက်ချေမှုန်းရင်း နိုင်ငံတော်နှင့် ပြည်သူအတွက် ရပ်တည်ကာကွယ်ပေးခဲ့ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ခေတ်စနစ် ပြောင်းလဲတိုင်းမှာလည်း ဦးဆောင်ဦးရွက် ပြုခဲ့ရကြောင်း၊ တိုင်းရင်းသား မိဘပြည်သူများမှ ပေါက်ဖွားလာပြီး အစဉ်အလာကောင်းများနှင့် ရှင်သန် ရပ်တည်နေသော တပ်မတော်၏ သမိုင်းကြောင်းသည် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် အစဉ်အမြဲ ဒွန်တွဲလျက်ရှိကြောင်း၊ တိုင်းရင်းသာလူမျိုးပေါင်း ၁၀ဝ ကျော်၊ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီး ဖြစ်သည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးသည် တပ်မတော်သားများ အမြဲတမ်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ပြီး ခိုင်မာသည့် တပ်မတော်မရှိပါက နိုင်ငံတော် ယိမ်းယိုင်ချိနဲ့ သွားနိုင်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံး ညီညွတ်ရေး ကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် တပ်တည် ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်ကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။

 

ယနေ့ပြည်သူက ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် လျှောက်လှမ်းနေကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဗဟိုဦးစီးအုပ်ချုပ်သည့် စနစ်မှ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ပထမခြေလှမ်းသစ် ပြောင်းလဲ လျှောက်လှမ်းခဲ့ကြောင်း၊ ယခုအခါ ပါတီစုံဒီမိုကရေစီလမ်းကြောင်း၏ ဒုတိယခြေလှမ်း လျှောက်လှမ်းရန် လိုအပ်သည် များကို ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ယင်းလမ်းကြောင်းကို သွားရာတွင် စည်းကမ်း ပြည့်ဝရန် လွန်စွာအရေးကြီးပြီး ဒီမိုကရေစီ၏ အခြေခံအကျဆုံးအချက်သည် စည်းကမ်းလိုက်နာခြင်းနှင့် ဥပဒေကို တန်ဖိုးထားလေးစားခြင်းတို့ပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်မှာ သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုးကို ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေ ဆိုသကဲ့သို့ အပြန်အလှန်လေးစား၊ အပြန်အလှန် အထောက်အကူပြု ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွပ်လပ်ရေးရပြီးချိန်မှစ၍ ခေတ်အဆက်ဆက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရေးကိုရှေးရှုပြီး ငြိမ်းချမ်းရေးကို ကြိုးပမ်းအားထုတ် ခဲ့သည်ကို မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် အထင်ကရတွေ့မြင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကို ချမှတ်ထားကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်အရင်းခံဖြင့် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လတွင် ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ဖိတ်ခေါ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရန် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှုရလဒ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်သည့်အဖွဲ့များအတွက်လည်း အမြဲတမ်းတံခါးဖွင့် ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်း။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရုံဖြင့် မပြီးဘဲ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အများအပြား ကျန်ရှိနေသေးကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် SSR ၊ DDR လုပ်ငန်းစဉ်များအတိုင်း လုံခြုံရေးအရ ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် အမျိုးသားရေးအသွင် အကောင်အထည်ဖော်ဆောင် ရွက်ရေးအတွက် ပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေး ကို အမှန်တကယ်ရယူလိုသည့် ဆန္ဒရှိရန် လိုအပ်ပြီး စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို အရင်းခံ လျှောက်လှမ်းဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလား တောင့်တနေသော ထာဝရငြိမ်းချမ်းရေးသည် မလွဲမသွေရရှိမည်ပင်ဖြစ်ကြောင်း။

 

အမိစစ်တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်သော လက်ရုံးရည် နှလုံးရည်ပြည့်ဝသည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်၊ တပ်မတော်၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းရင်း ဒို့တာဝန် အရေး သုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူလူထုမှ အားကိုးယုံကြည်ထိုက်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

 

စစ်ရေးပြအခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်သည် စစ်တက္ကသိုလ်ကျောင်း ဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၄ ဦးနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ လူတစ်ဦးချင်း၏ အောင်မြင်မှုသည် စိတ်ပေါ်တွင် မူတည်ပြီး ကြိုးစားချင်စိတ်၊ လေ့လာလိုစိတ်ရှိရန်လိုကြောင်း၊ မိမိကိုယ်ကို အလိုမလိုက်ရန် လိုအပ်ပြီး မိမိကွပ်ကဲရသူများ အပေါ်တွင်လည်း အလိုမလိုက်ရန်လိုကြောင်း၊ ကြိုးစားမည်ဆိုပါက ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် စစ်ပညာ၊ အတတ်ပညာများကို အသုံးချပြီး အတွေးအခေါ် ရင့်ကျက် ရှင်သန်တိုးတက်အောင် ဖတ်ရှုလေ့လာမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကြောင့် မိမိဘဝ အညွှန့်ချိုးမခံရရန် လိုအပ်သလို မိမိကိုယ်မိမိလည်း အညွှန့်မချိုးမိစေရန် လိုကြောင်း၊ တတ်နိုင်သလောက် မိဘကို ကျေးဇူးဆပ်ရန်လိုအပ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ်တွင်လည်း သစ္စာရှိမှုဖြင့် ကျေးဇူးဆပ်ရန် လိုကြောင်း၊ အလိုအပ်ဆုံးမှာ မိမိကိုယ်မိမိ ထိန်းသိမ်းပြီး ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။