ပဋိညာဉ်ဖောက်ဖျက်ပြီး စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း မလုပ်တဲ့ကိစ္စတွေမှာ ပဋိညာဉ်အက်ဥပဒေအရ တိတိကျကျ လုပ်ကိုင်စေချင်တယ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

နေပြည်တော် ၈ ဖေဖော်ဝါရီ

 

ပဋိညာဉ်ဖောက်ဖျက်ပြီး စာချုပ်ပါ စည်းမျဉ်း စည်းကမ်းအတိုင်း မလုပ်တဲ့ကိစ္စတွေမှာ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အသိပေးခြင်း၊ သတိပေးခြင်း ဆောင်ရွက်သလို ပဋိညာဉ် အက်ဥပဒေအရလည်း တိတိကျကျ လုပ်ကိုင်စေချင်တယ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ယနေ့တွင် ကျင်းပခဲ့ပြီး အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို မေးမြန်းတဲ့ နိုင်ငံပိုင် စက်ရုံအချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အခကြေးငွေနှင့် နှစ်ချုပ် စာချုပ်ချုပ်ပြီး ငှားရမ်းရာတွင် ငှားရမ်းလုပ်ကိုင်သူအနေဖြင့် မူလငှားရမ်းစဉ် လုပ်ကိုင်သော လုပ်ငန်းမှာ အဆင်မပြေတော့သောကြောင့် အခြားလုပ်ငန်းတစ်ခုကို ပြောင်းလဲ လုပ်ဆောင်ရာတွင် နိုင်ငံတော်သို့ ပေးဆောင်ရသော အခကြေးငွေကို နှုန်းထားပြောင်းလဲပြီး စာချုပ်ချုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ အုတ်တွင်း ချဉ်ပေါင်လျှော်စက်ရုံအနေနဲ့ မူလရည်မှန်းချက်ပါ လုပ်ငန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းတဲ့အတွက်ကြောင့် အဆိုပါ ကုမ္ပဏီကို မိမိတို့ ဝန်ကြီးဌာနမှာရှိတဲ့ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ ခြံစိုက်ကွင်းများ ငှားရမ်းရေးကော်မတီက တွေ့ဆုံပြီး လိုအပ်တဲ့ အသိပေးမှု၊ သတိပေးမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒေသနှင့်ကိုက်ညီမယ့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လိုမယ်ဆိုရင်တော့ Project Proposal ပြန်လည်တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမယ့်အကြောင်းလည်း အသိပေးဆောင်ရွက်ထားပြီး ဖြစ်ကြောင်းနှင့် ဒေသနေ မြေယာများနှင့် စပ်လျဉ်းပြီးတော့ မြေယာအရှုပ်အရှင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းသွားရန်အတွက် ပြန်လည်စိစစ်ပြီးတော့မှ လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ ဆက်လက်စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း ” ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက မေးမြန်းရာမှာတော့ အုတ်တွင်းချဉ်ပေါင် ပျော့ဖတ်စက်ရုံကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်စေရာမှာ ၁-၁-၂၀၁၃ နေ့တွင် ကျော်ထက်ကျော်ကုမ္ပဏီမှ တစ်နှစ်လျှင် သိန်း ၈၀ နှုန်းဖြင့် နှစ် ၃၀ ငှားရမ်းစာချုပ် ချုပ်ခဲ့ကာ ငှားရမ်းသဘောတူစာချုပ်မှာလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် တပ်ဆင်ထားတဲ့ စက်ကိရိယာများအား ပြင်ဆင်ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်း၊ ချဉ်ပေါင်လျှော်ဖြင့် ပြုလုပ်သော ကမ္ဘာ့အဆင့်မှီ ချဉ်ပေါင်ပျော့ဖတ်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမြင့်တဲ့ စက်ရုံဖြစ်လာပြီး နိုင်ငံတော်၏ စက်မှုအခန်းကဏ္ဍအား မြှင့်တင်နိုင်စေရန်ဟု ပါရှိပေမယ့် လက်တွေ့မြေပြင် ပကတိအခြေအနေမှာတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငှားရမ်းစာချုပ် ချုပ်စဉ်ကတည်းက ယခုအချိန်ထိ စက်ရုံဟာ လည်ပတ်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

 

စက်ရုံမတည်ခင်ကတည်းက လိုအပ်သော    ကုန်ကြမ်း၊ လုပ်အားနှင့် အခြားသွင်းအားစုများ ပြည့်ပြည့်ဝ၀ ရရှိနိုင်မှု ရှိ မရှိကို လေ့လာမှုမရှိဘဲ တည်ဆောက်ခဲ့မှန်း ပေါ်လွင်နေသလို စက်ရုံတည်ဆောက်စဉ်ကလည်း ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေနဲ့ အခြားမြေ ၃၁၁ ဧကကို တစ်စုံတစ်ရာ လျော်ကြေးပေးထားခြင်းမရှိဘဲ သိမ်းဆည်းကာ တည်ဆောက်ခဲ့ခြင်း ဖြစ်တယ်လို့ ၎င်းကပြောသည်။

 

ထို့ပြင် စာချုပ်ပါရည်ရွယ်ချက်များကို အကောင်အထည်မဖော်ဘဲ စက်ရုံငှားရမ်းခကိုလည်း ဒေသခံပြည်သူတွေထံမှ မတရားသိမ်းဆည်းထားတဲ့ လယ်ယာမြေများထဲမှ ဧက ၁၆၀ခန့်ကို တောင်သူလယ်သမားများထံသို့ နွေ၊ မိုး တစ်သိန်းဖြင့် သီးစားချ ငှားရမ်းလုပ်ကိုင်စေပြီး ၎င်းငှားရမ်းခမှ ရရှိတဲ့ငွေများဖြင့် ပေးဆောင်ပြီး အသားတင် အမြတ်ကို ခံစားနေခြင်းဖြစ်တဲ့အတွက်ကြောင့် ဒေသခံတောင်သူတွေကတော့ လယ်ပိုင်ရှင်ဘဝကနေ သီးစားအဖြစ်သို့ ရောက်ရှိသွားတဲ့အတွက်ကြောင့်မို့ အထက်ပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်တယ်လို့ မေးခွန်းရှင် ဒေါ်ချိုချိုက ပြောပါတယ်။

 

မေးခွန်းမေးမြန်း ဖြေကြားမှုအပြီးမှာတော့ “ မေးတဲ့မေးခွန်းမှာ ရှင်းရှင်းလေးပေါ်သွားတာက တစ်နှစ်ကို သိန်း ၈၀ နဲ့ငှားတယ်၊ ဧက ၁၂၀ ကျော်တော့ တစ်ဧက တစ်သိန်းနှုန်းနဲ့ ပြန်ယူတယ်၊ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း မလုပ်ဘူး၊ ပဋိညာဉ် ဖောက်ဖျက်တယ်၊ ဒီလို ပဋိညာဉ်ဖောက်ဖျက်ပြီး စာချုပ်ပါ စည်းမျဉ်း စည်းကမ်းအတိုင်း မလုပ်ဘဲနဲ့ နိုင်ငံတော်ကိုတော့ သိန်း ၈၀ နဲ့ငှားပြီး သီးစားပြန်ချတော့ တစ်ဧက တစ်သိန်းယူတော့ သိန်း ၁၂၀ ကျော် အသားတင် အမြတ်မြတ်တယ်၊ တကယ့်စာချုပ်ပါတဲ့ စည်းကမ်းအတိုင်း မလုပ်ဘူးဆိုတဲ့ ဟာမျိုးကိုတော့ ခုနဝန်ကြီးဌာန ဖြေသွားတဲ့ထဲမှာ ပါပါတယ်၊ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမယ်ဆိုတော့ အဲ့ဒီသက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အညီ သတိပေးခြင်း၊ ဆောင်ရွက်ခြင်း ဆိုတာလည်း ဆောင်ရွက်သလို ပဋိညာဉ် ဖောက်ဖျက်တဲ့ ကိစ္စတွေမှာ ပဋိညာဉ် အက်ဥပဒေအရလည်း တိတိကျကျ လုပ်ကိုင်စေချင်ပါတယ်၊ ဒါမှသာလျှင် ဒါဟာ အခုပေါ်လာတဲ့ကိစ္စ၊ မပေါ်လာတဲ့ ကိစ္စတွေလည်း ရှိအုံးမှာပါ၊ ဒါကြောင့်မို့ ဒါတွေကိုတော့ ဝန်ကြီးဌာနအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို အထောက်အပံ့ ပေးသောအားဖြင့် ဥပဒေနှင့်အညီ ကြိုးစားပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေချင်ပါတယ်၊ ဒါလွှတ်တော်အနေနဲ့ ဝန်ကြီးဌာနကို အသိပေးအပ်ပါတယ် ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

မျိုးထက်ဦး(MDN)