ပဋိပက္ခဖြစ်လု နှစ်ဖက်နားလည်သဘောပေါက်ချစ်ခင်ခဲ့ကြသည့် သင်္ကြန်

မြန်မာလူမျိုးတို့၏ ရိုးရာပွဲလမ်းများတွင် သင်္ကြန် ပွဲတော်သည် ယဉ်ကျေးမှု၏ အထင်ကရအဓိက အမှတ် အသားစရိုက်လက္ခဏာကြီး ဖြစ်သည်။ 

တစ်လျှောက်လုံး 'မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်' ဟု လေးနက်စွာ တစ်ခုတ်တစ်ရ ပြောဆိုသုံးနှုန်းထုတ်ပြန်ခဲ့သည်။ အထူး သဖြင့် မန္တလေးကဲ့သို့သော ကျန်ကောင်း ကျန်ရာမြန်မာ့ ဓလေ့စရိုက်လက္ခဏာ အစုအဝေးတည်ရှိရာ မြို့ကြီး၏ သင်္ကြန်ပွဲတော်များတွင် ထိုအပြောအဆို၊ ထိုအသုံးအနှုန်း၊ ထိုအမူအကျင့်တို့ကို တစိုက်မတ်မတ်တစ်လျှောက်လုံး ထိန်းသိမ်းခဲ့သည်။ လက်ဆင့်ကမ်းခဲ့သည်။

မြို့လူထု သာမက(အထူးသဖြင့်) တာဝန်ရှိသူများကလည်း (တာဝန်ရှိသည့်ပမာ) အထူးအလေးအနက် ထားခဲ့ ကြသည်။ ထို့ကြောင့်လည်း တစ်လျှောက်လုံး 'မြန်မာ့ရိုးရာ ယဉ်ကျေးမှု မန္တလေးမဟာသင်္ကြန်'ဟု သုံးနှုန်းခဲ့ကြသည်။ သုံးနှုန်းသလိုလည်း လိုက်နာခဲ့ကြသည်။ ထို့ကြောင့်လည်း သင်္ကြန်ရောက်သည်နှင့် မြန်မာဆန်ဆန် ယဉ်ကျေးစွာ ရေပက်ကစားခြင်း၊ ဂီတ၊ အက၊ အလှတို့ကို တစ်ဝကြီး ခံစားလိုကြခြင်းဖြင့် မြန်မာသင်္ကြန်၏ အမှတ်အသား တစ်ခုပမာ မန္တလေးသင်္ကြန်ကို ပြည်တွင်းသာမက ပြည်ပ မှပါ အာရုံစိုက်ခဲ့ကြခြင်းဖြစ်သည်။

အနုပညာအပေါ် နှစ်ယူခံစား လေးစားမြတ်နိုးလွန်း၍


အဆိုတော်ရုပ်ရှင်မင်းသား ဝင်းဦးသည် ၁၉၆၈ ခုနှစ်မှ စ၍ ၁၉၇၈ ခုနှစ်အထိ ဆယ်နှစ်ကျော် ဆယ့်တစ်နှစ် ကာလမျှ မန္တလေးသင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့သည်။ ဝင်းဦးသည် ထိုစဉ်က နံပါတ်(၁)မင်းသားဟု ပြောရ လောက်အောင် လျှမ်းလျှမ်းတောက်နေသော ကာလ လည်းဖြစ်ကာ မိန်းကလေးပရိသတ် အများဆုံးရရှိထား သည်။ ဝင်းဦးသည် ရုပ်ရှင်မင်းသားသာမက စာရေးဆရာ လည်းဖြစ်ကာ အထူးသဖြင့် နာမည်ကျော် အဆိုတော် တစ်ဦးလည်းဖြစ်သည်။

မန္တလေးသင်္ကြန်သို့ ရုပ်ရှင်မင်းသားအဆိုတော် ဝင်းဦး ဆယ်နှစ်ကျော်ကြာ လာရောက်ခြင်းမှာ သိန်းဘယ် နှဆယ်နှင့် ငှားရမ်း၍ သို့မဟုတ် ဘယ်သူဘယ်ဝါက စပွန် ဆာပေး၍ လာရောက်ခြင်းမဟုတ်။ ကိုယ်ကိုယ်နှိုက်က အနုပညာအပေါ် နှစ်ယူခံစား လေးစားမြတ်နိုးလွန်း၍ 'အနုပညာ' များ အတောက်စား၊ အမြူးတူးဆုံး မန္တလေး သင်္ကြန်တွင် ကိုယ့်စရိတ်နှင့်ကိုယ် လာရောက်ကာ ဆင်နွှဲ ခြင်းဖြစ်သည်။

မန္တလေးသားတွေအားလုံး၏ အနုပညာပစ္စည်း

တကယ်တော့ ရုပ်ရှင်မင်းသားဝင်းဦးက လာရောက် ဖျော်ဖြေခြင်းမဟုတ်။ မန္တလေးသူ၊ မန္တလေးသားတိုင်း တစ်ယောက်ချင်းစီ အသီးသီး အသက မိမိတို့တတ်ကျွမ်း သော ပန်းချီ၊ ပန်းပု၊ အက၊ အဆို၊ အတီး၊ အနုသုခုမ ပညာကိုယ်စီဖြင့် မိမိဆန္ဒအလျောက် အမှီခိုကင်းစွာဖြင့် သင်္ကြန်တွင် ဆင်နွှဲကြသည့်နည်းတူ ရုပ်ရှင်မင်းသား ဝင်းဦးကလည်း အများသူငါလို ဆင်နွှဲခြင်းဖြစ်သည်။ လာရောက်ဖျော်ဖြေခြင်းမဟုတ်။

ထို့ကြောင့် ရုပ်ရှင်မင်းသားဝင်းဦးသီဆိုသလို မန္တလေး သူလေးတွေ ကပြသည်။ မန္တလေးသားများ အလှပြယာဉ် အသင်းအဖွဲ့တွေကလည်း ပြန်လည်သီဆိုတီးမှုတ် ကြသည်။ ရုပ်ရှင်မင်းသားဝင်းဦးအပါအဝင် သူတို့သူတို့ သီဆိုတီးမှုတ်ကပြကြသည့် သီချင်း၊ တီးလုံး၊ တီးကွက် တိုင်းကလည်း မန္တလေးသားတွေအားလုံး၏ အနုပညာ ပစ္စည်းချည်းပဲလေ။

အကြားအလပ်မရှိ တေးသံမြိုင်မြိုင်နှင့်

ရာချီသော ဧည့်ခံအလှပြမဏ္ဍပ်တွေ မြို့လုံးပတ်လည် ရှိသောကြောင့် မြို့လယ်လမ်းမကြီးတွေပေါ်မှာ မဏ္ဍပ်များဆီ ကူးသန်းကြသည့် အလှပြယာဉ်ကြီးများ၊ သင်္ကြန်ပျော်ဂျစ်ကားများက ပျားပန်းခပ်မျှ ဥဒဟိုသွား လာနေကြသည်။ လမ်းမကြီးတွေပေါ် သာမက လမ်းသွယ်၊ လမ်းကြားများထိ လျှပ်စစ်မီးတထိန်ထိန်၊ မီးစက်သံ တညံညံနှင့် အလှပြယာဉ်ကြီးများ ဖြတ်သန်းသွားကြသလို ဘောနက်ဖုံးကို စည်းချက်ကျကျ ထုရိုက်သံနှင့် ဂျစ်ကား များကလည်း ဆူညံစွာအော်ဟစ်ရင်း အပြေးအလွှား မောင်းနှင်သွားကြသည်။

အထူးသဖြင့် ချစ်ပန်းနွယ်၊ ဈေးချိုသူ၊ ဗဟိုမဏ္ဍပ်၊ နဂါး မယ်၊ အောင်မြေသူဇာစသည့် မဏ္ဍပ်ကြီးများတစ်ဆက် တည်းရှိနေသော မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး နှင့် ဈေးချိုသူ၊ မီးရထား၊ ဆောက်လုပ်ရေး၊ ငုရွှေဝါမဏ္ဍပ် များသို့ ဆက်စပ်သွားလာနိုင်သည့် အာဇာနည်လမ်း၊ ၇၈ လမ်းနှင့် လမ်း ၃ဝ မှာလည်း အလှပြယာဉ်တွေ၊ ဂျစ်ကား တွေ အကြားအလပ်မရှိ တေးသံမြိုင်မြိုင်နှင့် ဆက်စပ်သွား လာလျက်ရှိ၏။

ကားဦး၌ ငွေငန်းရုပ်များကိုဆင်ယင်

ညဉ့်ဦးယံ ၇ နာရီကျော်သည်နှင့် ဟို .. အနောက်ဘက် နာရီစင်ဆီမှ အာဇာနည်လမ်းအတိုင်း အမိုးပွင့်ဂျစ်ကား နှင့် လင့်ရိုဗာကားအစီး ၂ဝ ခန့်က ကားဦး၌ ငွေငန်းရုပ်များ ကိုဆင်ယင်ထားပြီး မြို့မငွေငန်း အလှပြယာဉ်ကြီးကို ဦးဆောင်ကာအရှေ့သို့ တက်လာသည်။ မီးလုံးရောင်စုံများ၊ အလှဆင်မီးဆိုင်းများ ဆင်ယင်ထားသော ငွေငန်းယာဉ် ကြီးပေါ်မှာ ရုပ်ရှင်မင်းသားဝင်းဦးက မိုက်ကရိုဖုန်းတိုင်ကို ကိုင်ရင်း သီချင်းတစ်ပုဒ်ကို သီဆိုလာသည်။ သီချင်းနှင့် အတူ ဥရောပဗုံချက်အသွားဖြင့်တေးသံစုံကိုလည်း ညက် ညက်ညောညောတီးမှုတ်လာလို့ အလှပြယာဉ်ကြီးမှာ စည်းချက်နှင့်အတူ တငြိမ့်ငြိမ့်ဖြင့် ရွေ့လျားမောင်းနှင်လာ၏။

မြို့မအလှပြယာဉ်ကြီး၏ ဘေးတစ်ဖက်တစ်ချက်စီမှာ ကားတန်းကြီးနှစ်တန်းက လမ်းလုံးပြည့်ယှဉ်၍ လိုက်လာ ကြသည်။ ကားပေါ်ပါလာသူ ရွှေမန်းသူပျိုပျိုရွယ်ရွယ်အားလုံးကလည်း ကားအမိုးကိုင်းကို ကျောမှီပြီး အကဲပို လှစွာဖြင့် အလှပြယာဉ်ကြီးပေါ်က မင်းသားဆီ မျက်နှာမူ ကြသည်။ အလှပြယာဉ်ကြီး၏ဘေးမှာ၊ နောက်မှာ အမိုး ဖွင့်ထားသော ကားအမျိုးအစားပေါင်းစုံက အစီး လေးဆယ်၊ ငါးဆယ် အနည်းဆုံးရှိမှာပေါ့။

နာမည်ကျော် 'ငုရွှေဝါ'

ထိုယာဉ်တန်းကြီးက အာဇာနည်လမ်းအတိုင်း မစိုးရိမ် မီးပွိုင့်ကို ကျော်သည်။ ၇၈ လမ်း ဓာတ်ဆီဆိုင်ရောက်တော့ တောင်ချိုးသည်။ မီးရထားမဏ္ဍပ်မှာ ခေတ္တခဏဖျော်ဖြေ သည်။ ထို့နောက် လမ်း ၃ဝ အတိုင်း အရှေ့တက်ပြီး ဗထူး ကွင်းတောင်ဘက်က ဆောက်လုပ်ရေးမဏ္ဍပ်မှာလည်း အပြန်အလှန် သီဆိုကြသည်။ ထို့နောက် အရှေ့သို့ဆက် တက်ကာ မန္တလေးတွင် အကနာမည်ကျော်သော ငုရွှေဝါ အမျိုးသမီး အလှပြမဏ္ဍပ်သို့ ဝင်တော့ ညသန်းခေါင်တိုင် လုပြီ။ မန္တလေးသင်္ကြန်ပျော်ပရိသတ်ကလည်း မြို့မငွေငန်း အလှပြယာဉ်ကြီးနှင့် နာမည်ကျော်ရုပ်ရှင်မင်းသား ဝင်းဦး...။ ထို့ပြင် အစီး ၅ဝ ကျော်နီးပါး ကားများဖြင့် ကျိတ်ကျိတ်ခဲအားပေးကြသည့် ရွှေမန်းသူသည်းသည်း လှုပ်များကို နာမည်ကျော် 'ငုရွှေဝါ' မဏ္ဍပ်မှာ မည်သို့မည်ပုံ ဆုံကြမလဲဆိုတာ အလွန်စိတ်ဝင်စားကြ၏။ ထို့ကြောင့် လည်း ငုရွှေဝါမဏ္ဍပ်သို့ မြို့မရောက်ရှိမည့်နေ့၊ အချိန်ကို စောင့်စားနေကြခြင်းဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ...
ခေါင်းမှာလည်း ကောက်ရိုးတွေပုံ
'လမ်းသူရဲယောင်
အမောက်ထောင်
မျောက်ကောင် အသုံးအဆောင်
သူ့ခမျာ ပြူးကြောင်ကြောင် ...တော့။
ဘိုးဘွားအစဉ်အဆက်
မြန်မာမှုမဟုတ်ပြန်
နားမှာလည်း ဆံပင်အုပ်
ယောက်ျားမပီလေပြန်၊
ဘောင်းဘီကျပ်မောင်တို့
ဆင်ယင်မှုမပီသလေ ...တော့
သူ့အဖေက ဒက်ဒီ
သူ့အမေက မာမီ
စကားမပီရှာသလေ ...
ပျို့မောင်ကြီးရေ .. တော့၊
ခေါင်းမှာလည်း
ကောက်ရိုးတွေပုံ ...'
မြန်မာဆန်ဆန် ဆံတောက်များ ဖားလျားချကာ ပိတောက်တွေဝေနေအောင်ပန်ပြီး သနပ်ခါးပါးကွက် ကျားများဖြင့် မြန်မာဆန်ဆန် ချောမောလှသော 'ငုရွှေဝါ' နှမငယ်တို့က သီဆိုကပြဖျော်ဖြေသည်။

ငွေငန်းအလှပြယာဉ်ကြီး ကျန်းမာပါစေ

ကျိတ်ကျိတ်ခဲမျှအားပေးနေသော ပရိသတ်ကြီးက သီချင်းတစ်ပိုဒ်ပြီးတိုင်းပြီးတိုင်း အားပါးတရ လက်ခုပ်တီး အားပေးကြသည်။ စာသားသာမက သံစဉ်ပါ ထူးခြား လှသောသီချင်းတွင် 'ငုရွှေဝါ' တို့က လှပညီညာစွာ ကပြ အသုံးခံသည်။ ထို့နောက် မောင်ကြီးမြို့မတို့က နှုတ်ဆက် သီချင်းသီဆိုပြီး ထွက်ခွာမည်ဖြစ်သည်။ ပရိသတ်ကြီးက လည်း မြို့မအလှပြယာဉ်ကြီးပေါ်မှ ရုပ်ရှင်မင်းသား ဝင်းဦးကို 'ဒီဘက်လှည့်ပြီး သီဆိုဖျော်ဖြေပါဦး' ဟု တောင်းဆို အားပေးကြသည်။ 'ငုရွှေဝါ အမျိုးသမီး ရေသဘင်အဖွဲ့ကြီး ကျန်းမာပါစေ' ဟု သုံးကြိမ်သုံးခါနှုတ် ဆက်ပြီး ...
'ရုပ်ရှင်မင်းသားဝင်းဦးနှင့် မြို့မငွေငန်းအလှပြယာဉ် ကြီး ကျန်းမာပါစေ' ဟု ငုရွှေဝါနှမငယ်တို့ကလည်း ပြန်လှန်နှုတ်ဆက်ချိန်တွင် မြို့မက နှုတ်ဆက်တေးသွားကို ခပ်ညက်ညက်လေးတီးမှုတ်ပြီး စောစောက ပရိသတ် ကြီးက သူတို့ဘက်လှည့်ပြီး သီဆိုပါဦးဟု တောင်းဆိုသဖြင့် ရုပ်ရှင်မင်းသားဝင်းဦးက အလှပြယာဉ်ပေါ်မှ မတ်တတ် ရပ်၍ ရှေ့တူရူရှိ ပရိသတ်ကြီးဘက်လှည့်ကာ နှုတ်ဆက် သီချင်းကို သီဆိုရင်း အလှပြယာဉ်ကြီးကတရွေ့ရွေ့ ထွက်ခွာသွားတော့၏။

ပရိသတ်အကြားအထူးအသားပေးပြောကြားငြင်းခုန်

နောက်နေ့နံနက်တွင် မန္တလေးမြို့ထုတ် သတင်းစာ၌ ဆောင်းပါးရှင်တစ်ဦးက 'မဏ္ဍပ်ပေါ်မှ ဘောင်းဘီ ဖင်ကျပ် အကြောင်း၊ မြန်မာမဆန်သူတို့အကြောင်း၊ သတိပေး ပညာပေးသည့်သီချင်းများ သီဆိုကြရာ ဘောင်းဘီဝတ် လာသူကိုဝင်းဦးက သူ့ကိုစောင်းမြောင်းသီဆိုရပါ့မလား ဟု မျက်မာန်ရှကာ အလှပြယာဉ်အထွက်တွင် မဏ္ဍပ်ကို နှုတ်မဆက်ဘဲ တမင်ကျောပေးပြီး ထွက်ခွာသွားကြောင်း ဤအပြုအမူမှာ အရုပ်ဆိုး ရိုင်းစိုင်းလှပါကြောင်း' စသည့် အဓိပ္ပာယ်သက်ရောက်သောဆောင်းပါးကို ရေးသားဖော်ပြ ပါရှိခဲ့သည်။
ထိုအဖြစ်အပျက်ကား ထိုနှစ် သင်္ကြန်တွင် ပရိသတ် အကြား အထူးအသားပေး ပြောကြားငြင်းခုန်စရာဖြစ်ခဲ့ ကြသည်။ ဆောင်းပါးရေးတာမှန်တယ်။ မန္တလေးလို ယဉ်ကျေးမှုမြို့တော်မှာ ဒီလိုအပြုအမူမျိုးခွင့်မလွှတ် နိုင်ဟူသော သုံးသပ်မှုမျိုး။ ထိုကိစ္စ မဟုတ်ပါ။ မင်းသားကြီး က ပရိသတ်အများစုဘက်လှည့်၍ သီချင်းသီဆိုသဖြင့် မဏ္ဍပ်ကိုကျောပေးသလိုဖြစ်ရတာပါ။ အဲဒီအချိန် ကိုယ် တိုင်မြင်ရတာပါ' ဟု အတွေ့အကြုံဖြင့် ပြောဆိုမှုမျိုး ... စသည်ဖြင့် စီစီညံခဲ့၏။

အလွန်ယဉ်ကျေးသိမ်မွေ့သော ရုပ်ရှင်မင်းသား

မည်သို့ဆိုစေ နိုင်ငံကျော်ရုပ်ရှင်မင်းသားမို့ သတင်းဖြစ် သွားတာ သေချာသည်။ မန္တလေးကလည်း တာဝန်ရှိသူ မှအစ မြို့သူမြို့သား အားလုံးကလည်း 'ယဉ်ကျေးမှု သင်္ကြန်' ဟူသော အနှစ်သာရကို မည်သို့မျှ အပွန်းအပဲ့ မခံတာလည်း သေချာသည်။ ထို့အတူ အလွန်ယဉ်ကျေး သိမ်မွေ့သော ရုပ်ရှင်မင်းသား ဝင်းဦးကလည်း ထိုကိစ္စ အတွက် ဆောင်းပါးရှင်၏ ထင်မြင်ယူဆချက်လည်း မမှားပါ။ မိမိဝတ်လာသော အဝတ်အစားနှင့် မဏ္ဍပ်မှ သီချင်းတို့ တိုက်ဆိုင်မှုတွင် မိမိစိတ် ကသိကအောက် ဖြစ်ကာ ဤသို့ပြုမူခြင်းဖြစ်လိမ့်မည်ဟု ဆောင်းပါးရှင်က ယူဆသော်လည်း တကယ့်ဖြစ်ရပ်မှာမဟုတ်ပါ။ မိမိမှာ ပရိသတ်အားလုံး၏ဆန္ဒကို လိုက်လျောလိုသဖြင့် မိမိတို့ အလှပြယာဉ်အထွက်တွင် အများစုပရိသတ်ကြီးအား ဖျော်ဖြေလို၍ မျက်နှာမူမိရာမှ မဏ္ဍပ်အား ကျောပေး သကဲ့သို့ဖြစ်ရပါသည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

ထိုစဉ်က ရုပ်ရှင်မင်းသားဝင်းဦး နှင့် မန္တလေးပရိသတ်မှာ အဝေးရောက် မိမိအိမ်သားတစ်ယောက် သင်္ကြန်ပြန်လာ ခိုက် ဝမ်းပန်းတသာ ကြိုဆိုကြသည့် အမူအကျင့်ပဲဖြစ် သည်။ နောက်နှစ်ကစ၍ မင်းသားဝင်းဦးကလည်း ချိတ်ပိုး လုံချည်၊ တိုက်ပုံနှင့် ဝတ်စားသီဆိုသည်။ ပရိသတ်ကလည်း ထွေးထွေးပိုက်ပိုက် စောင့်ရှောက်အားပေးခဲ့၏။ ဆယ်နှစ် ကျော် ဆယ့်တစ်နှစ်တိုင်။

ဤသို့ဖြင့် ပဋိပက္ခဖြစ်လု နှစ်ဖက်နားလည် သဘောပေါက်ချစ်ခင်လိုက်ကြသည်မှာ

ထိုစဉ်က ဖြစ်စဉ်ကို ပြန်လှန်စဉ်းစားမိတော့ မန္တလေး ပရိသတ်အချို့ကလည်း အစွဲကြီးစွာဖြင့် ဧည့်သည်ကို မိမိ တို့ယဉ်ကျေးမှုနှင့် မတူသူဟူ၍ ကြိုတင်ကောက်ချက်ချ ကာ တံဆိပ်ကပ်သည်။ ထိုကောက်ချက်ကို ကိုယ်စားပြု၍ ဆောင်းပါးရှင်က ရေး၏။ ထိုရေးသားချက်အပေါ် ကာယ ကံရှင်က လျစ်လျူမပြုဘဲ ယဉ်ကျေးပွင့်လင်းစွာ ပြန်လည် ဖြေရှင်းသည်။ ဖြေရှင်းရုံမက အိမ်ရှင်မန္တလေးသားတို့ တန်ဖိုးထားသည့် အဝတ်အစားပင် ပြောင်းလဲဝတ်ဆင် လိုက်သေးသည်။ ဤသို့ဖြင့် ပဋိပက္ခဖြစ်လု နှစ်ဖက် နားလည်သဘောပေါက် ချစ်ခင်လိုက်ကြသည်မှာ မင်းသား ကြီးရိုးမြေကျသည်အထိသာမက ယနေ့ နက်ဖြန်တိုင် သည် အထိ။

တစ်တိုင်းတစ်ပြည်လုံး ငြိမ်းချမ်းရေး ညီညွတ်ရေး

တစ်နှစ်ကုန်၍ တစ်နှစ်ကူးချိန် အဟောင်းကို စွန့်ခွာ အသစ်ကို ကမ်းလင့်မှုဖြင့် မင်္ဂလာရှိသော သင်္ကြန်ပွဲတော် များ ခေတ်စနစ်အကူးအပြောင်း၊ စစ်ဘေးစစ်ဒဏ်၊ ဥတု ရာသီ၊ ရောဂါကပ်ဘေး စသည့် အဖြစ်အပျက်ကြုံလျှင် သင်္ကြန်သည်လည်း ကျွဲကူးရေပါ ဆုတ်ယုတ်ခဲ့ရသည်။ ဒီနှစ် ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်မှ ၁၃၈၂ ခုနှစ်အကူး သင်္ကြန်ကား ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ယခင်နှစ် များကဲ့သို့ ပျော်ပွဲရွှင်ပွဲအသွင် ဆင်ယင်ကြတော့မှာမဟုတ်။ ကျန်းမာရေးအတွက် အိမ်တွင်းတွင် နေထိုင်ကြရ
မည်။

ထိုနံရောအခါ ဒီနှစ်သင်္ကြန်တွင်း၌ မိမိအိမ်တွင်နေထိုင်ရင်း ဥပုသ်သီတင်းသီလစောင့်ထိန်းကာ ယနေ့ နိုင်ငံတော်တွင် အရေးတကြီးလိုအပ်နေသော ပဋိပက္ခ ဖြစ်လု ဘက်နှစ်ဖက်တိုင်း နားလည်သဘောပေါက်ကြပြီး တစ်တိုင်းတစ်ပြည်လုံး ငြိမ်းချမ်းရေး ညီညွတ်ရေးတို့ကို ဆုတောင်းကြရပေမည်။ 

ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် မြူမှောင်ဝေကင်း၍ ငြိမ်းချမ်းညီညွတ်ခြင်း လစန္ဒာရောင်ထွန်းလင်းကာ အသစ်ဖြစ်ထွန်းမည့် ကောင်းမြတ်ခြင်းနှင့် ပြည့်စုံသည့် မင်္ဂလာနှစ်သစ် ဖြစ်ပါစေသောဝ်။ ။