ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအလေးထား

ယနေ့နိုင်ငံအတွင်း လူမှုပတ်ဝန်းကျင်နှင့် ကျန်းမာရေးကိုထိခိုက်စေနိုင်သော စားသောက်သုံးစွဲမှုများကို အလေးထားလျှော့ချရန် လိုအပ်နေပြီဖြစ်သည်။ အထူးသဖြင့် လူမှုပတ်ဝန်းကျင်နှင့် လူတို့၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သော အရက်သေစာသောက်သုံးခြင်းနှင့်ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှုများမှာ တစ်နေ့တခြားမြင့်မားနေရာ ယင်းတို့ကိုသတိထားဆင်ခြင်ကြရန် လိုအပ်မည်ဖြစ်သည်။


ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုကြောင့်တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူဦးရေ ခုနစ်သန်းခန့်  သေဆုံးလျက်ရှိပြီး အရက်အလွန်အကျွံသောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေသုံးသန်းခန့် သေဆုံးလျက်ရှိကြောင်း သိရသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများဖြစ်စေ၊ အရက်သေစာဖြစ်စေ ၎င်းပစ္စည်းများမှာ တရားဝင်သုံးစွဲခွင့်ရှိသော ပစ္စည်းများဖြစ်၍ လူတို့အနေဖြင့် အလွယ်တကူဝယ်ယူသုံးစွဲသောကြောင့် ယင်းတို့ကိုလျှော့ချနိုင်ခြင်းမရှိဘဲ ကျန်းမာရေးထိခိုက်မှု၊ သေဆုံးမှုများ မြင့်မားနေသည်။


ယင်းပစ္စည်းအုပ်စုနှစ်မျိုးသည် လူတို့အားစွဲလမ်းစေသောပစ္စည်းများဖြစ်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသည် လူမှုပတ်ဝန်းကျင်တွင် ပိုမိုကျယ်ပြန့်စွာ ဝယ်ယူသုံးစွဲနိုင်ခြင်းနှင့်အတူ လူတို့၏အသက်သေဆုံးမှုမှာလည်း  ပိုမိုမြင့်မားလာသည်။ အရက်သေစာသောက်သုံးမှုမှာ  တရားဝင်ဖြစ်သော်လည်း လူမှုပတ်ဝန်းကျင်တွင် ရောင်းချသုံးစွဲမှုအကန့်အသတ်ရှိသဖြင့် လူသေဆုံးနှုန်းမှာ  ဆေးလိပ်နှင့် ဆေးရွက်ကြီး ပမာဏထက် လျော့နည်းသည်။


မည်သို့ပင်ဖြစ်စေ ၎င်းပစ္စည်းအုပ်စု နှစ်မျိုးစလုံးသည် လူတို့၏ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို အနည်းနှင့်အများဆိုသလို ထိခိုက်နစ်နာမှုများရှိနေသဖြင့် ယင်းတို့ကိုအသိပညာပေးခြင်း၊  ကန့်သတ်တားမြစ်ခြင်းတို့ဖြင့် တဖြည်းဖြည်းလျော့ကျလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။   ယင်းနှင့်ပတ်သက်၍ ထိရောက်သည့်ထိန်းချုပ်မှုများ၊ ထိရောက်သည့်ကာကွယ်မှုများ ပြုလုပ်ဆောင်ရွက်ရာ၌  ကျန်းမာရေး အသိပညာပေးမှု မြှင့်တင်ရေးလုပ်ငန်းများအပြင် ထိရောက်သည့်စည်းမျဉ်းစည်းကမ်းများ၊ သက်ဆိုင်ရာဥပဒေများနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် တားဆီးကာကွယ်သွားရမည်ဖြစ်သည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် အရက်သေစာများကို ကျောင်းသားလူငယ်အရွယ်များပင်   သုံးစွဲလာကြသည်ကို မြင်တွေ့ရသဖြင့် နိုင်ငံ၏အနာဂတ်အတွက် စိုးရိမ်ပူပန်ဖွယ်ဖြစ်ကြရမည်ဖြစ်သည်။ အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသားလူငယ်များ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုမှာ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းရှိရာ မှ၂၀၁၆ ခုနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်။ မြန်မာ နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြားလူငယ်များ အရက်အလွန်အကျွံသောက်သုံးမှုမှာ        အာဆီယံနိုင်ငံများနှင့် တန်းတူရှိနေသည်မှာ ကောင်းသောလက္ခဏာမဟုတ်ချေ။ 


ယင်းအရွယ်များမှာ ကျောင်းသားလူငယ်အရွယ်များဖြစ်၍ လုံးဝသောက်သုံးခြင်းမပြုနိုင်အောင် မိဘ၊ ဆရာများနှင့် အုပ်ထိန်းသူများက ဝိုင်းဝန်းတားမြစ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်အမျိုးမျိုးကို အသက်အရွယ်မရွေး နှစ်စဉ် ၁၂ ဘီလီယံကျော် သုံးစွဲနေသည်ဟုခန့်မှန်းရသည်။ ထို့ကြောင့်   ယင်းကုန်ပစ္စည်းများအပေါ်တွင် အခွန်ကောက်ခံမှုကို ယခင်ကထက် တစ်ဆင့်ချင်းတိုးမြှင့်ကောက်ခံခြင်းအပြင် အခြားနိုင်ငံများဆောင်ရွက်သကဲ့သို့ သီးခြားသတ်မှတ်ခွန်နှင့် အပိုဆောင်း ခွန်များပါ        သတ်မှတ်ကောက်ခံခြင်းဖြင့် နိုင်ငံအတွက်သာမက ပြည်သူအတွက်ပါ အကျိုးရှိမည်ဖြစ်သည်။


သို့ဖြစ်ရာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် အရက်သေစာရောင်းချမှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများ တိုးတက်ဖြစ်ပေါ်နေသည့်အပြင် လူတို့၏ကျန်းမာရေးကို    ဆိုးရွားစွာထိခိုက်နိုင်သောကြောင့် ယင်းတို့ကိုအလေးအနက်ထား တားဆီးဟန့်တားရမည်ဖြစ်ပါကြောင်း။      ။


ကြေးမုံ