ပုဗ္ဗသီရိမြို့နယ်တွင် ဓားဖြင့်ခြိမ်းခြောက်၍ ငွေနှင့် လက်ကိုင်ဖုန်း ယူဆောင်သွားသူများအား ဖမ်းဆီးရမိ

နေပြည်တော် ၂၁ ဒီဇင်ဘာ

 

ပုဗ္ဗသီရိမြို့နယ်၊ ရွှေလယ်တောကော်ဖီဆိုင်အနီး၌ ဒီဇင်ဘာ ၁၉ ရက် ည ၁၁ နာရီက ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသူအား ဓားဖြင့်ခြိမ်းခြောက်၍ ငွေနှင့် လက်ကိုင်ဖုန်း ယူဆောင်သွားသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ညောင်ပင်ကြီးစုကျေးရွာနေ ရွှေတိုးလင်း (၁၈)နှစ်သည် ဒီဇင်ဘာ ၁၉ ရက်တွင် ကိုးရွာသပြေကုန်းကျေးရွာရှိ သူငယ်ချင်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်ရာ ရွှေလယ်တောကော်ဖီဆိုင်အနီး၌ ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေစဉ် နှင်းဆီပန်းအဝိုင်းဘက်မှ အောင်ပိုင်စိုး(ခ)ဝတုတ် မောင်းနှင်ပြီး ပျဉ်းမနားမြို့ ဘောဂဝတီရပ်ကွက်နေ စိုးသူဝင်း (၂၃)နှစ်နှင့် လယ်ဝေးမြို့နယ် ရန်ကင်းကျေးရွာနေ အောင်ဇော်ဝင်း (၂၁)နှစ်တို့ နောက်ထိုင်လိုက်ပါလာသော ဆိုင်ကယ်မှာ ၎င်းအနီးသို့ ရောက်ရှိလာပြီး အောင်ပိုင်စိုး(ခ)ဝတုတ်က အရိုး/အသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ခြိမ်းခြောက်၍ ၎င်းထံမှ ငွေ ၂၀,ဝ၀ဝ ကျပ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ယူဆောင်ကာ ရွှေကြာပင်ရပ်ကွက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ ဆိုင်ကယ်ဖြင့် နောက်မှလိုက်ပြီး ရွှေကြာပင်ရပ်ကွက် စည်ပင်ဧည့်ရိပ်သာ(၂)အနီး အရောက်၌ ဆိုင်ကယ်ကယ်ရီသမားများအား အကူအညီတောင်းခံ၍ ဝိုင်းဝန်းဖမ်းဆီးစဉ် ၎င်းတို့ ၃ ဦးအနက် စိုးသူဝင်းနှင့် အောင်ဇော်ဝင်းတို့ ၂  ဦးအား ငွေ ၂၀,ဝ၀ဝ ကျပ်၊ ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိပြီး အောင်ပိုင်စိုး(ခ)ဝတုတ်မှာ ထွက်ပြေးသွားသဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ အောင်ပိုင်စိုး(ခ)ဝတုတ်ပါ ၃ ဦးအား ပတ္တာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား