ပုဂ္ဂလိကဆေးရုံတွေ၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွေမှာ ကိုဗစ်-၁၉ စစ်ဆေးမယ့် ကုန်ကျစရိတ်အတွက် ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး အလေးပေးဆောင်ရွက်ရမယ်လို့ လမ်းညွှန်ချက်ပေးထားပါတယ်

ဒေါက်တာထွန်းမြင့်

တွေ့ဆုံမေးမြန်း - သီသီမင်း၊ မင်းသစ်(MNA) ဓာတ်ပုံ - နေလင်း

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီးများတွင် ရောဂါရှာဖွေစစ်ဆေးပေးလျက်ရှိပြီး ယခုအခါ ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရန် ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနိုင်တော့မည်ဖြစ်သည်။ ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

မေး ။ ။ ပုဂ္ဂလိက  ဆေးရုံနဲ့ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးမှာနဲ့ပတ်သက်ပြီး  ဆောင်ရွက်နေမှုအခြေအနေကို သိချင်ပါတယ်။

ဖြေ ။ ။ အစိုးရနဲ့ပုဂ္ဂလိက ကိုဗစ်-၁၉ ကာကွယ်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေပါ။   ပုဂ္ဂလိကဘက်က  ဆေးရုံ တွေ၊  ရောဂါရှာဖွေရေး  ဓာတ်ခွဲခန်းတွေကနေ Antigen (RTD)Test Kit ၊   နောက်တစ်ခုက RT-PCR  နည်းပညာအသုံးပြုပြီး   ဓာတ်ခွဲ စစ်ဆေးတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေ ရှိနေပါပြီ။  ဒါနဲ့ပတ်သက်ပြီး လျှောက်ထားမယ့် ပုဂ္ဂလိကဓာတ်ခွဲခန်းနဲ့ ဆေးရုံ တွေကို ခွင့်ပြုပေးနေပါပြီ။ ခွင့်ပြုပေးနေတာနဲ့ ပတ်သက်ပြီး  အသစ်အသစ်တွေလည်း လျှောက်ထားနိုင်ကြောင်း  ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူးတွေ၊  မြို့နယ်ကျန်းမာရေး  ဦးစီး ဌာနမှူးတွေကိုလည်း ဖြန့်ဝေအသိပေးထားပြီး တော့ မြို့နယ်တွေမှာရှိတဲ့ ပုဂ္ဂလိက ဓာတ်ခွဲခန်းတွေ၊   ပုဂ္ဂလိကဆေးရုံတွေကို   အသိပေးပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။

မေး ။ ။ ပုဂ္ဂလိကဆေးရုံတွေ၊ ဓာတ်ခွဲခန်းတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုရင် ဘယ်လို လျှောက်ထားရမလဲ။  ဘာတွေပြင်ဆင်ထားရ မလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကိုဗစ်-၁၉ Test စစ်ဖို့ ဆောင်ရွက်လိုတဲ့ ပုဂ္ဂလိကဆေးရုံတွေ၊ ဓာတ်ခွဲခန်း တွေက အဆိုပြုလျှောက်ထားဖို့  လိုပါတယ်။ အဲဒီအပေါ်မှာလည်း သူတို့ လုပ်ငန်းသဘာဝက ဘယ်လို  ရည်ရွယ်သလဲဆိုတဲ့အပေါ်လည်း မူတည်ပါတယ်။ ရည်ရွယ်ချက်နဲ့တကွ  ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနကို   လျှောက်ထားရမှာပါ။ လျှောက်ထားမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျွမ်းကျင်သူတွေနဲ့ အဖွဲ့ဖွဲ့ပြီးတော့ Inspection Team နဲ့ ဆင်းပြီးတော့  စစ်ဆေးပါတယ်။ စစ်ဆေးပြီး Inspection Team ရဲ့  သဘောထား သတ်မှတ်ချက်တွေ၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးရဲ့   သဘောထားမှတ်ချက်တွေ  ဒါတွေအပေါ် မူတည်ပါတယ်။ ဒါတွေနဲ့တကွ ကျွန်တော်တို့ရဲ့   ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံကို တင်ပြလျှောက်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အရေးကြီးဆုံးက ဝန်ထမ်း အင်အားပါပဲ။ ဒီနေရာမှာတော့ ကျန်းမာရေး ဝန်ထမ်းအင်အားတွေ ဒါတွေက လိုအပ်ချက် တွေ ဖြစ်လာပါမှာ။  ကြိုပြီးတော့ စနစ်တကျ ကြိုတင်ဖြည့်ဆည်းထားရမယ့်အချက်ပါ။ အဲဒါ အပြင်ကို  ကျွမ်းကျင်တဲ့  ဝန်ထမ်းစာရင်းတွေ၊ တာဝန်ခံဆောင်ရွက်ပေးမယ့်  ဆရာဝန်စာရင်း တွေ ဒါတွေကိုလည်း စာရင်းပြုစုပြီးတော့ တိုင်း ကျန်းမာရေးဌာနနဲ့ ရုံးချုပ်ကို ကြိုတင်ပြထားဖို့ အတွက်လည်း  လိုအပ်ပါတယ်။   ပုဂ္ဂလိက ဆေးရုံနဲ့ ရောဂါရှာဖွေတဲ့  ဓာတ်ခွဲခန်းတွေက လည်း  ဒေသဆိုင်ရာအာဏာပိုင်တွေ၊  ပြည်သူ့ ကျန်းမာရေးနှင့်   ကုသရေးဦးစီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ့် Containment Management Plan ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားဖို့ လိုပါတယ်။

ဒီမှာ Positive ထွက်လာခဲ့ပြီဆိုရင် လူနာကို  ကုသရေးစင်တာကို    လွှဲပြောင်းရမယ်။ Positive နဲ့ ထိတွေ့ခဲ့တဲ့သူတွေကို စုံစမ်းရှာဖွေ ဖော်ထုတ်ပြီးတော့    Contain  လုပ်ရမယ်။ ကျွန်တော်တို့နဲ့  ပူးပေါင်းဆောင်ရွက်မယ့် Containment  Management Plan ကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုပါတယ်။ နောက်ပြင်ဆင်ထားရမယ့် အချက်က ကိုဗစ်-၁၉ ရောဂါ  စစ်ဆေးပြီးတဲ့အခါမှာ   အထောက်အထား  Certificate  ပေးရမှာဖြစ်ပါတယ်။ အထောက်အထား Certificate  ပေးတဲ့အခါ အတုအပမဖြစ်စေရေးအတွက်   Certificate  format ကို ကြိုပြီး ပြင်ထားဖို့လည်း လိုအပ်ပါတယ်။

မေး ။ ။ ပုဂ္ဂလိကဆေးရုံတွေ၊ ဓာတ်ခွဲခန်းတွေအနေနဲ့ ဘယ်လိုလူတွေကို စစ်ဆေး ပေးမလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ဆောင်ရွက်ခွင့်ပြုပြီဆိုတဲ့    ပုဂ္ဂလိကဆေးရုံ၊ ဓာတ်ခွဲခန်းတွေကတော့ PUI လို့ခေါ်တဲ့    ကိုဗစ်-၁၉    သံသယလူနာတွေ၊ ပုဂ္ဂလိကဆေးရုံတွေမှာ        ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊  Positive  လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့သူတွေ၊    အဲဒီမှာရှိတဲ့ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက ဒီလူကတော့ စစ်ဆေးသင့်ပါတယ်လို့     အကြံပြုလာရင် ဒီလူနာတွေကို စစ်ဆေးဖို့ ဆောင်ရွက်ရမှာပါ။ အဲ့ဒီလူနာတွေနဲ့   တိုင်းဒေသကြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက     သတ်မှတ်ပေးထားတဲ့ စစ်ဆေးရန် ခွင့်ပြုတဲ့သူတွေကို Antigen (RTD) test kit ၊  နောက်တစ်ခုက RT-PCR နည်းပညာ နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နှင့်အညီ   စစ်ဆေးဆောင်ရွက် ပေးဖို့ လိုပါတယ်။

မေး ။ ။ ကိုဗစ်-၁၉ ရောဂါ ရှာဖွေရာမှာ အသုံးပြုမယ့် ဓာတ်ခွဲပစ္စည်းတွေကို ဘယ်လို စံချိန်စံညွှန်းနဲ့     ခွင့်ပြုပေးသွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ WHO က  အတည်ပြုထားတဲ့ Emergency Use Listing(EUL)ပါရှိပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက   တင်သွင်းခွင့်ပြုထားတဲ့     Antigen (RTD)  test  kit နဲ့   အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနက     အတည်ပြုချက်ရရှိပြီးတဲ့ ဓာတ်ခွဲစက်ပစ္စည်းတွေကို အသုံးပြုဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဲဒီစက်တွေ အသုံးပြုပြီးရင်တော့ အရည်အသွေးပြည့်မီတဲ့ ဓာတ်ခွဲစနစ်ဖြစ်ရေးဆိုတာ အလွန်အရေးကြီး ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန ရဲ့  လမ်းညွှန်ချက်ရှိပါတယ်။  ဒီလမ်းညွှန်ချက် အတိုင်းတော့ ဓာတ်ခွဲဆောင်ရွက်နေတဲ့  ဆေးရုံ တွေ၊ ဓာတ်ခွဲခန်းတွေက တိတိကျကျလိုက်နာဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ  ပြောချင်တာက  ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ရင် ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွေက  အလွန်အရေးကြီးပါတယ်။ ဒီ လုပ်ငန်းတွေအတွက် သတင်းမှတ်တမ်း အချက် အလက် မှန်ကန်စွာရရှိရေးက အရေးကြီးပါ တယ်။  အဲဒါအပြင်   ဒီသတင်းအချက်အလက် တွေကို  အချိန်နဲ့  တစ်ပြေးညီရရှိရေးကလည်း အရေးကြီးပါတယ်။  အရေးကြီးတဲ့အတွက် ဓာတ်ခွဲဆောင်ရွက်နေတဲ့  ပုဂ္ဂလိကကဏ္ဍပိုင်း ကလည်း  ပြည်သူ့ကျန်းမာရေးနှင့်  ကုသရေး ဦးစီးဌာနက  သတ်မှတ်ထားတဲ့   ပုံစံတွေနဲ့ အချိန်နဲ့တစ်ပြေးညီ  သတင်းပေးပို့ဖို့လည်း လိုအပ်ပါတယ်။

မေး ။ ။ ဆေးရုံ၊ ဓာတ်ခွဲခန်းတွေကနေထွက်တဲ့စွန့်ပစ်ပစ္စည်းတွေကနေ  ကူးစက်မှုမရှိအောင်    စနစ်တကျစွန့်ပစ်ဖို့    ဘယ်လိုညွှန်ကြားထားပါသလဲ။

ဖြေ ။ ။ ဒီနေရာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးရုံတွေပဲဖြစ်ဖြစ်၊ ဓာတ်ခွဲ ခန်းတွေပဲဖြစ်ဖြစ်  ဒီနေရာတွေက ထွက်တဲ့ ပစ္စည်းအများစုက    ကူးစက်မှုများပါတယ်။ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက်  ရန်ကုန် မြို့တော်    စည်ပင်သာယာရေးကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက် ဖို့အတွက်လည်း  စွန့်ပစ်ပစ္စည်း  စီမံခန့်ခွဲရေး အဖွဲ့နဲ့ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်သွားဖို့ လိုပါတယ်။

မေး ။ ။ တချို့ ပုဂ္ဂလိက    ဆေးရုံတွေအနေနဲ့ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ပြည့်စုံစွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့      အခါမှာ အချင်းချင်း   ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ခွင့်ပြုသွားဖို့ရှိပါသလား။

ဖြေ ။ ။ ဒါနဲ့ပတ်သက်ပြီး ပုဂ္ဂလိကဆေးရုံတွေ၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွေ အချင်းချင်း  ပူးပေါင်းဆောင်ရွက်မယ့်  အစီ အစဉ်ရှိတယ်ဆိုရင် ဒီဟာကို သေသေချာချာ ဖော်ပြဖို့ လိုပါတယ်။  အကယ်၍ ပြောင်းလဲမှု ရှိတယ်ဆိုခဲ့ရင်လည်း တိုင်းကျန်းမာရေးဌာနကို အကြောင်းကြားရပါမယ်။ စနစ်တကျ ဆောင်ရွက်မယ်ဆိုရင်  တိုင်းကျန်းမာရေးဦးစီး ဌာနအနေနဲ့ အတည်ပြုပေးဖို့လည်း ရှိပါတယ်။ တစ်နေရာက ဓာတ်ခွဲခန်းတစ်ခုက  PCR  စစ် မယ်။ နောက်ဟိုဘက်ဆေးရုံတစ်ခုက PCR စစ်ဖို့ အတွက်  ခွင့်ပြုချက်မရှိဘူး။ ဒီဘက်ဓာတ်ခွဲခန်း ကို ပို့ပြီးစစ်ရမယ်ဆို ဒီဓာတ်ခွဲခန်းနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပါမယ်ဆိုတဲ့    စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်မယ်ဆို ကျွန်တော်တို့က  စိစစ်ပြီးတော့   အတည်ပြုချက်ပေးထားမှာပါ။   အခုဆိုရင်   ရန်ကုန်မှာဆောင်ရွက်မယ့်   ပုဂ္ဂလိက ဆေးရုံနဲ့ ဓာတ်ခွဲခန်းဆိုရင်   ဒီလိုမျိုးစာချုပ် ချုပ်ဆိုဆောင်ရွက်ခွင့်ပြုတာကို  စာနဲ့လည်း ထုတ်ပြီး အကြောင်းကြားပြီး ဖြစ်ပါတယ်။

မေး ။ ။ ပုဂ္ဂလိကဆေးရုံနဲ့     ဓာတ်ခွဲခန်းတွေက ဆောင်ရွက်မယ့်  ဓာတ်ခွဲစစ်ဆေးမှုမှာ ကုန်ကျစရိတ်များလာမှာကို ပြည်သူလူထုက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ အဓိက  ပြည်သူလူထုပါပဲ။  ပြည်သူလူထုအနေနဲ့ကတော့ ဓာတ်ခွဲစစ်ဆေးမယ့် ကုန်ကျစရိတ်တွေ ပြည်သူ့ကျန်းမာရေး ဌာနက ဆောင်ရွက်နေရတာကတော့ Test ဖိုးလောက်နဲ့  ဆောင်ရွက်ပေးနေတာပါ။   ပြည်သူလူထုကို စောင့်ရှောက်ရမယ့်  တာဝန် ရှိတဲ့အတွက်ကြောင့်မို့လို့ PPE တစ်စုံဆိုလည်း ဈေးက သိတဲ့အတိုင်းပဲ  ဈေးနှုန်းကြီးမြင့်ပါတယ်။ အဲ့ဒီ ပမာဏလေးနဲ့  စစ်ဆေးပေးတယ်ဆိုတာက ပြည်သူလူထုကို  ကျန်းမာရေးဝန်ဆောင်မှု ပေးတဲ့  ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနကပဲ လုပ်နိုင်တာပါ။  ပုဂ္ဂလိကဘက်မှာ ကျတော့ သူတို့ရဲ့ ဝန်ဆောင်ခတွေရော၊ အခြား ကုန်ကျစရိတ်တွေရော  ထည့်တွက်တော့မှာ ဖြစ်တဲ့အတွက်  ကျွန်တော်တို့  ဆောင်ရွက် ပေးနေတဲ့  ပမာဏနဲ့ယှဉ်ရင်တော့  များလိမ့် မယ်လို့ မှန်းပါတယ်။  ကျွန်တော်တို့ကတော့ သူတို့ဆီကို guide line ပေးထားတဲ့အထဲမှာ တော့ အခကြေးငွေယူတဲ့အခါမှာ ပြည်သူလူထု အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး အလေးပေး ဆောင်ရွက်ရမယ်လို့   လမ်းညွှန်ချက်ပေးထား ပါတယ်။ သူတို့ဆောင်ရွက်တဲ့အခါမှာ ပြည်သူ လူထုကို ဝန်မပိတဲ့တန်ဖိုးတော့ ဖြစ်ဖို့လိုတယ်။ လိုအပ်ရင် ညှိနှိုင်းပေးမယ်။ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးမပိဘူးဆိုရင်    ကျွန်တော်တို့ အနေနဲ့ လက်မခံနိုင်စရာအကြောင်း မရှိပါဘူး။
မေး ။ ။ ပုဂ္ဂလိကဆေးရုံ၊      ဓာတ်ခွဲခန်းတွေအနေနဲ့ ဓာတ်ခွဲစစ်ဆေးရာမှာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို  မလိုက်နာရင် ဘယ်လို အရေးယူသွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ဓာတ်ခွဲစစ်ဆေးခြင်းကို ဥပဒေနဲ့အညီခွင့်ပြုပေးခဲ့တယ်။ ဥပဒေနဲ့မညီတော့ဘူး၊ ဥပဒေအတိုင်းလည်း လိုက်နာဆောင်ရွက် ခြင်းမရှိတော့ဘူးဆိုရင် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေရှိပါတယ်။ အဲဒီမှာရှိတဲ့ အခန်း (၁၃)မှာ စီမံခန့်ခွဲရေး နည်းလမ်းနဲ့လည်း အရေးယူလို့  ရပါတယ်။  အခန်း(၁၅)မှာရှိတဲ့ ပြစ်မှုပြစ်ဒဏ်တွေအရ နောက်တစ်ခါ  ကူးစက် ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေ အခန်း(၈)အရ ဒါတွေနဲ့ အရေးယူအပြစ်ပေးမှာ  ဖြစ်ပါ တယ်။ ဒီလိုအရေးယူ အပြစ်ပေးမရှိစေရေးက အားလုံးအနေနဲ့ လိုက်နာဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

မေး ။ ။ ကိုဗစ်-၁၉ ရောဂါ ရှာဖွေဖို့ ခွင့်ပြုထားတဲ့ ပုဂ္ဂလိကဆေးရုံ၊  ဓာတ်ခွဲခန်း ဘယ်လောက် ရှိပါသလဲ။ လျှောက်ထားဆဲကရော ဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။ ကိုဗစ်-၁၉ ကို     စစ်ဆေးရာကစပြီး ကုသရေးအထိ  လျှောက်ထားတာ  ၃ ခု ရှိပါတယ်။   တစ်ခုက  လှိုင်သာယာမှာရှိတဲ့  ပန်းလှိုင် ဆေးရုံ၊  အလုံမှာရှိတဲ့  အကယ်ဒမီ ဆေးရုံနဲ့ မြောက်ဒဂုံမှာရှိတဲ့ Dagon Medical Hospital ရှိပါတယ်။ အဲဒီ ၃ ခုက  လျှောက်ထား လာတာ ရှိပါတယ်။ Dagon Medical Hospital ကတော့ ဆောက်လုပ်ဆဲပါ။  ကြိုတင်ခွင့်ပြုချက် ကတော့ ခွင့်ပြုထားပြီးပြီ။  ဆောက်လုပ်ပြီးစီး ရင်တော့ သွားရောက်စစ်ဆေးပြီးတော့  ညီညွတ်တယ်ဆိုရင် ခွင့်ပြုဖို့လည်း ရှိပါတယ်။  အကယ်ဒမီ ဆေးရုံနဲ့ ပန်းလှိုင်ဆေးရုံတွေအနက် ပန်းလှိုင် ဆေးရုံကို  ဆောင်ရွက်ခွင့်ပြုလိုက်ပြီဖြစ်ပါ တယ်။ ပန်းလှိုင်ဆေးရုံက ကုသခွင့်လည်းရပါပြီ။ နောက်တစ်ခုက  Antigen (RTD)Test Kit နဲ့ စစ်ဆေးတာ၊ RT-PCR နဲ့စစ်ဆေးတာ ဒါတွေနဲ့ ပတ်သက်ပြီး ပန်းလှိုင်ဆေးရုံက တင်ပြထား တာကတော့   Antigen  (RTD)Test Kit နဲ့ စစ်ဆေးခွင့် တင်ပြထားတာရှိတယ်။ ခွင့်ပြု လိုက်ပါပြီ။ လမ်းမတော်မှာ  N Health ဓာတ်ခွဲ ခန်းရှိတယ်။ အဲဒီမှာလည်း စစ်ဆေးတာ RT-PCR နဲ့စစ်ဆေးခွင့်ပြုထားပြီး ဖြစ်ပါတယ်။

မေး ။ ။ ပုဂ္ဂလိကဆေးရုံတွေ၊ ဓာတ်ခွဲခန်းတွေကို အခုလို ကိုဗစ်-၁၉ စစ်ဆေးဖို့ ခွင့်ပြု ပေးရတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

ဖြေ ။ ။ ကိုဗစ်-၁၉   ကာကွယ်၊    ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ  ပြည်သူ့ဆေးရုံတွေ၊  ပြည်သူ့ကျန်းမာရေးဌာနတွေအနေနဲ့ ဆောင်ရွက်နေတာကို ပုဂ္ဂလိကကဏ္ဍ ဘက်ကလည်း ပူးပေါင်းဆောင်ရွက်လိုတယ်။ ကမ္ဘာ့ကပ်ရောဂါကြီးမှာ ပုဂ္ဂလိက ကဏ္ဍဘက် ကလည်း ကျွန်တော်တို့နဲ့အတူ  ဝိုင်းပြီးတော့ ထမ်းရွက်လိုပါတယ်ဆိုပြီးတော့ သူတို့ဘက်က တင်ပြလာတာတွေလည်း    ရှိပါတယ်။ တစ်ပြိုင်နက်တည်းမှာ     ကျွန်တော်တို့ရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ပုဂ္ဂလိကကဏ္ဍဘက်က ပူးပေါင်းပါဝင်လာရေးကို ဖိတ်ခေါ်ပါ တယ်။ ဖိတ်ခေါ်ပြီးတော့  ကျွန်တော်တို့နဲ့ အတူတူ တွဲလုပ်ကြဖို့  ဖြစ်လာတာပါ။ ဒီလိုမျိုး မျှပြီး ပုဂ္ဂလိကဘက်ကလည်း  ထမ်းလိုက်မယ်။ အစိုးရဘက်ကလည်း ဝိုင်းထမ်းလိုက်ကြမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ ဝန်ပေါ့သွားမယ်။ ဒီအတွက်ကို ရည်ရွယ်ပြီးတော့ ပုဂ္ဂလိကဘက် က ပါလာရေးကို ကြိုးစားဆောင်ရွက်တာပါ။ ပုဂ္ဂလိက ကဏ္ဍဘက်ကလည်း ဒီလိုကမ္ဘာ့ကပ် ရောဂါကြီးမှာ အမြတ်အစွန်းကို အဓိကမထား ဘဲ   ပြည်သူလူထုတွေရဲ့   ကိုဗစ်-၁၉ ဝန်ထုပ် ဝန်ပိုးကြီးကို မျှထမ်းစေချင်တဲ့ ရည်ရွယ်ချက်ပါ။
မေး ။ ။ ပုဂ္ဂလိကဆေးရုံတွေ  အားကောင်းလာရင် လက်ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာတွေ    ဆက်လက်ထားရှိသွားမလားဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ပုဂ္ဂလိက ဆေးရုံတွေကို တက်ရောက်ပြီး ကုသဖို့ဆိုတာကတော့ အထိုက်အလျောက်  ငွေကြေးအကုန်အကျကလည်း ရှိပါတယ်။  ငွေကြေးအကုန်အကျခံနိုင်တဲ့သူတွေ၊    ပုဂ္ဂလိကဆေးရုံတွေရဲ့   ဝန်ဆောင်မှုကို လိုချင်တဲ့သူတွေကတော့  ပုဂ္ဂလိကဆေးရုံတွေ ကိုပဲ သွားကုကြမယ်လို့ထင်ပါတယ်။   ပြည်သူ လူထုအများစုအတွက်ကတော့     ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနေကြတဲ့ ပြည်သူ့ဆေးရုံကြီးတွေ၊  အခုဖွင့်လှစ်ထားတဲ့ ဖောင်ကြီးကုသရေးစင်တာ၊ ရိုးမ၊ ဧရာ၊ လှိုင်၊ အင်ယားစသဖြင့်    ကုသရေးစင်တာတွေက လည်း ဆက်ပြီးရှိနေကြရမှာ    ဖြစ်ပါတယ်။ အကုန်လုံး  ပုဂ္ဂလိကဆေးရုံမှာ  သွားတက် နိုင်မယ့် အခြေအနေမရှိပါဘူး။ ပုဂ္ဂလိကဆေးရုံ တွေဘက်ကလည်း အကုန်လုံးကို  လက်ခံ နိုင်တဲ့အခြေအနေ မရှိသေးပါဘူး။ ကုသရေး စင်တာတွေက ဆက်ပြီးရှိနေဦးမှာ ဖြစ်ပါတယ်။

မေး ။  ။ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောကြားပေးပါ။

ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရကဏ္ဍဘက်ကို ဝိုင်းပြီး ဝန်ထမ်းပေးကြမယ့် ပုဂ္ဂလိကဘက်ကိုလည်း  ကျေးဇူးတင်ပါ တယ်။ ဒီလို ကမ္ဘာ့ကပ်ရောဂါကြီးကို  အတူတူ ပါဝင်ပြီး ဆောင်ရွက်တာ ပုဂ္ဂလိက ကဏ္ဍဘက် ကလည်း  အားလုံးက  ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူနေကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း  ပြည်သူ့ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကြီးကို ဝိုင်းထမ်းပေးတဲ့အတွက်  ကျေးဇူးတင်ပါတယ်။  တစ်ပြိုင်နက် တည်းမှာပဲ ပြည်သူလူထုကို သက်သာတဲ့နှုန်းထားတွေနဲ့ ဝန်ဆောင်မှုကို အမြင့်ဆုံး ဆောင်ရွက်ပေးကြဖို့တော့     ပုဂ္ဂလိကဆေးရုံ တွေ၊   ဓာတ်ခွဲခန်းတွေဘက်ကို     မေတ္တာရပ်ခံ ချင်ပါတယ်။  ပုဂ္ဂလိက  ကဏ္ဍကို အားပေးတဲ့အတွက်  ပြည်သူလူထုအားလုံးကို     ပုဂ္ဂလိက ဘက်ကို အတင်းတွန်းပို့တာလည်း မဟုတ်ပါဘူး။  ပုဂ္ဂလိကဘက်ကဝင်ထမ်းလိုက်လို့ အကယ်၍များ လူနာဦးရေလျော့သွားမယ် ဆိုရင် ဒီဘက်မှာ ပိုပြီးတော့  ဝန်ဆောင်မှုတွေ ပိုပေးနိုင်မှာ  ဖြစ်ပါတယ်။    ဒီဟာကလည်း ပြည်သူလူထုအကျိုးကို မျှော်ပြီးဆောင်ရွက်ရ တာပါ။ အခုဆိုရင်  ကုသရေးစင်တာတွေမှာ ခုနစ်ထောင်လောက် ခုတင်လွတ်တွေ ရှိနေပါတယ်။ ဒီနေရာတွေမှာ ကျန်းမာရေးစောင့်ရှောက် မှုကောင်းကောင်းပေးနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။