ပုဂံဒေသအား ယူနက်စကို ဝင်မဝင် ICOMS လာရောက်ဆုံးဖြတ်ပေးမည်

မန္တလေး ၁ သြဂုတ်

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ယူနက်စကို ဝင်မဝင် International Council of Monument Site (ICOMS ) အဖွဲ့မှ ပညာရှင်များ လာရောက်စစ်ဆေးကာ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

 

 

အဆိုပါအဖွဲ့သည် ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ စေတီပုထိုးများ အဆောင်အအုံများ၏ အနေအထားများကို စည်းကမ်းချက်များဖြင့် ညီ/မညီ စစ်ဆေးသွားမည် ဖြစ်သည် ။

 

 

" သူတို့အဖွဲ့လာမှက စက်တင်ဘာလတည်းမှာဖြစ်မယ်။ ရက်ကိုတော့ အတိအကျတော့ မသိရသေးဘူး။ ဝင်နိုင်မဝင်နိုင်ကတော့ ကျွန်တော့်တို့ဘက်က မသိသေးဘူး။  ယူနက်စကို ဝင်နိုင်အောင်တော့ သူတို့ရဲ့ သတ်မှတ်ထားတဲ့စည်းကမ်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ထားတယ်" ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည် ။

 

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကို ဝင်ရောက်နိုင်ရန် ၁၉၉၆ ခုနှစ်တွင် တင်သွင်းခဲ့ပြီး သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ကိုက်ညီမှုမရှိခဲ့ပေ။  ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်တင်သွင်းခဲ့သည် ။

 

 

" ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့က စေတီပုထိုးတွေကို ရှေးဟောင်းပုစံအတိုင်း ပြုပြင်ထိန်းသိမ်းတယ်။ အဲ့ဒါတွေအတွက်ကို စီမံကိန်းတွေ ချတယ်။ အဲ့ဒါအပြင်ကို တစ်ခြားသော လုပ်ဆောင်ချက်တွေ အဆင့်ဆင့်လုပ်ဆောင်တယ် ။ ဒါတွေအကုန်လုံး လုပ်ဆောင်ပြီးပြီဆိုမှ ယူနက်စကို ကို အပြီးတင်သွင်းတာပေါ့ " ဟု ၎င်းက ဆက်ပြောသည် ။

 

 

ပုဂံဒေသကို သမိုင်းမှတ်တမ်းအရ ခရစ်နှစ် ၁၀၇ ခုနှစ်က ညောင်ဦးမြို့ တောင်ဘက် ကျောက်ပန်းတောင်း မြို့ဘက် အထွက် တုရွင်းတောင်၏ အရှေ့ဘက် တစ်မိုင်ခန့်ရှိ ယုန်လွှတ်ကျွန်း အရပ်တွင် သမုဒ္ဒရာဇ်မင်းက ကျေးရွာပေါင်း (၁၉)ရွာဖြင့် စတင်တည်ထောင်ခဲ့ပြီး ပုဂံမင်းဆက် (၃၄) ဆက်မြောက် ဘုရင်ပျဉ်ပြားမင်းလက်ထက် (၈၄၉) ခုနှစ်တွင် ယခုလက်ရှိ နေရာဖြစ်သော စေတုတ္ထပုဂံ ပြည်ကြီးကို တည်ထောင်ခဲ့သည်။   

 

 

ယင်းပုဂံမြေပေါ်တွင် ပုဂံမင်းဆက်များနှင့် ပုဂံဒေသရှိ ပြည်သူလူထုတို့ တည်ထား ကိုးကွယ်ခဲ့သော ဘုရားပေါင်း (၄,၄၄၆,၇၃၃) ဆူ တစ်စုတစ်ဝေးတည်း တည်ရှိရာ သမိုင်းဝင်ဒေသ ဖြစ်သည်။

 

သူရိန်လင်း