ပုဂံခေတ် ဘုရားစေတီများနှင့် နံရံဆေးရေးပန်းချီများရှိရာ ဆားလယ်ဒေသအား ထိန်းသိမ်းမှုများ လုပ်ဆောင်နေ

ချောက်  ၂၉  ဇူလိုင်

 

ချောက်မြို့နယ် ဆားလည်ကျေးရွာအုပ်စုရှိ ပုဂံခေတ်ရှေးဟောင်းဘုရားစေတီ ၄၁ ဆူနှင့် ကျောက်စာများ ၊ နံရံဆေးရေး ပန်းချီများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မကွေးဌာနခွဲ)က ထိန်းသိမ်းမှုများ လုပ်ဆောင်နေကြောင်း ဌာနတာဝန်ရှိသူထံမှ သိရသည်။

 

ဘုရားစေတီများမှာ ၁၂ ရာစု နှင့် ၁၃ ရာစုနှောင်းပိုင်း လက်ရာများဖြစ်ပြီး အတွင်းနံရံများတွင် ဆေးရေး ပန်းချီ ၅၅၀ နိပါတ်တော်ပုံများ၊ ဆင်းတုတော်၏ လက်ဝဲလက်ယာများတွင် အဂ္ဂသာဝက၊ မဟာသာဝက ပုံတော်များ၊ ဂူဘုရား အမှတ်(၁၃)တွင် နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရား၏ပုံတော် ၊ စွယ်တော် လေးဆူပုံများ ၊ ပုဂံခေတ် တူရိယာတီးခတ် သည့်ပုံများ ၊ ခေတ်၌ မြင်တွေ့ရသည့် တိရိစ္ဆာန်ပုံများ ၊ ပုဂံသားတို့၏ ဝတ်စားဆင်ယင်မှုပုံများ ရှိနေသည်။

 

“ အရင်တုန်းက ဘုရားစေတီအလွန်ပေါများတဲ့ ဒေသကြီးပါ။ သဘာဝဘေးဒဏ်တွေကြောင့် ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဘုရား ၁၄ ဆူ ထိခိုက်ခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ သဘာဝ ဘေးအန္တရာယ်ရန်ပုံငွေနဲ့ ပြန်လည်ထိန်းသိမ်းခဲ့သလို ကျွမ်းကျင် အင်ဂျင်နီယာတွေနဲ့ နှစ်စဉ်ရေရှည်တည်တံ့အောင် ထိန်းသိမ်းနေပါတယ်။ အင်ဂျင်နီယာ တွေက ကြီးကြပ်ပြီး ဂူဘုရားတည်တာ ကျွမ်းကျင်တဲ့ ပန်းရံပညာရှင်တွေနဲ့ ပြုပြင်ထိန်းသိမ်း နေတာပါ ”ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ၊ သုတေသန လက်ထောက်(၄)ဦးမြင့်ဆွေ က ရှင်းပြသည်။

 

ဆားလယ်ရွာနှင့် အနီးကပ်ဆုံး စေတီဘုရားများမှာ ရွာအဝင်ဝ၌ ဘုရားအမှတ်(၂)၊(၃)နှင့်(၅) ၊ ရွာထဲရှိ ဓမ္မေသနကျောင်းတိုက်ထဲ၌ ဘုရားအမှတ်(၁၆)နှင့် ကျောက်စာတိုက် ၊ ရွာ၏မြောက်ဘက် မြောက်ချောင်း အနီးတွင် ဘုရားအမှတ်(၁) ၊ ရွာ၏တောင်ဘက်တွင် ဘုရား(၄)ဆူ ၊တို့ရှိပြီး ကျန်ဘုရားများမှာ ရွာ၏တောင်ဘက်ရှိ တောင်ကုန်းများတွင် တည်ရှိနေသည်။

                       

 “ထိန်းသိမ်းတဲ့အပိုင်းမှာ ပထဦးဆုံးအဆင့်က စာရင်းကောက် မှတ်တမ်းတင်ရပါတယ်။  ဘယ်လို ထိန်းသိမ်းမယ်ဆိုတဲ့ နည်းစနစ် ရှာဖွေရပါတယ်။ခန့်မှန်းချေ ကုန်ကျငွေစာရင်းတွေ တွက်ချက် တင်ပြရပါတယ်။ ခွင့်ပြုချက်နဲ့အညီ လုပ်ဆောင်ရပါတယ် ” ဟု ရှေးဟောင်းသုသေန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(မကွေးဌာနခွဲ)တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

 

ချောက်မြို့နယ်အတွင်းတည်ရှိသော ဆားလည်ဒေသကို ရေနံချောင်းမြို့ ၊ ၃၆ ရွာ အထက်တန်ကျောင်း ဘေးလမ်း မှ အတွင်းသို့ မြေသားလမ်းအတိုင်း ၆ မိုင်ခန့်ဝင်ရကြောင်း ၊ ၁၉၆၂ ခုနှစ်ခန့်ကတည်းက စတင်ထိန်းသိမ်း လာခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှု ဒေသသစ်တစ်ခုဖြစ်၍ သုတေသနပြုသူများ ၊ ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်လည်ပတ်မှုများနေကြောင်း ဆားလယ်ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထံမှ သိရသည်။

 

ဇေယျတု(မကွေး)