ပုဂံခေတ် ကျေးလက်နေ လူတန်းစားများ၏ နေထိုင်စားသောက်မှု ပုံစံကို ၅ နှစ်စီမံကိန်း ရေးစွဲလေ့လာ

မန္တလေး  ၂ သြဂုတ် 

 

ပုဂံခေတ်မှာ ကျေးလက်နေလူတန်းစားများ၏ နေထိုင်စားသောက်မှုပုံစံကို ၅ နှစ်စီမံကိန်းရေးစွဲကာ လေ့လာနေကြောင်း မန္တလေးတက္ကသိုလ် ၊ ရှေးဟောင်းသုတေသနဌာန မှ ဒေါက်တာပြည့်ဖြိုးကျော်မှ ပြောသည်။ ပုဂံဒေသတွင် ရှေးအခါက ကျေးလက်နေလူတန်းစားတို့၏ နေထိုင်စားသောက်ပုံ၊ လူဦးရေ ၊ အိမ်ဆောက်လုပ်မှု ၊ လယ်ယာလုပ်ကိုင်မှု စသည်တို့ကို လေ့လာနေကြောင်း သိရသည်။

 

"ပုဂံရဲ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာရင် လူကုံတန် ၊ အုပ်ချုပ်သူ ၊ သူဌေးလူတန်းစားတွေပဲ မှတ်တမ်းတင်တာများတယ်။ ပုဂံခေတ်မှာ မြို့ရဲ့ဗဟိုကို ထောက်ပံ့ပေးနေတဲ့ ဆင်ခြေဖုံးတွေမှာ လူတွေဟာ ဘယ်လိုအသက်ရှင်နေထိုင်ကြသလဲ ဆိုတာ ၅ နှစ် စီမံကိန်းလုပ်ပြီး လေ့လာနေပါတယ်"ဟု မန္တလေးတက္ကသိုလ် ၊ ရှေးဟောင်းသုတေသနဌာန မှ ဒေါက်တာပြည့်ဖြိုးကျော်မှ ပြောသည်။

 

ပုဂံခေတ်တွင် ကျေးလက်နေလူတန်းစားများ၏ နေထိုင်စားသောက်မှုပုံစံကို လေ့လာခြင်း ကို ၅ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ပေမယ့် အချိန်မလုံလောက်ကြောင်း ၄င်းက ဆိုသည်။ ရရှိလာသည့် လေ့လာချက်များကို တစ်နှစ်တခါ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

"သမိုင်းအထောက်အထားတွေအရ ငြင်းခုန်နေရတဲ့ တချို့ အချက်အလက်တွေအရ ရှေးဟောင်းသုတေသနဆိုင်ရာ သက်သေအထောက်အထားတွေရလာရင် တိုက်ဆိုင် စစ်ဆေးလိုက်ရင် ပိုပြီးတိကျတဲ့ လွန်ခဲ့တဲ့ နှစ် ၈၀ဝ ၊ ၉၀ဝ လောပ်က ပုဂံခေတ် လူနေမှု ဓလေ့ စရိုက်တွေပြန်ပြီး စဉ်းစားကြည့် နိုင်တဲ့ အထောက်အထားရတယ်"ဟု ဒေါက်တာပြည့်ဖြိုးကျော်မှ ပြောသည်။

 

အဆိုပါလေ့လာမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ ၊ ဒေသခံများနှင့် ပူးပေါင်းကာ ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။ 

 

အိမို့မို့ခိုင်