ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ပံ့သကူမဟာထေရ်ဂူဘုရားရှိ နံရံဆေးရေးပန်းချီများနှင့် ဘုရားတည်ဆောက်ပုံ ဗိသုကာလက်ရာများကို လေ့လာနိုင်

ညောင်ဦး ဇွန် ၂၅

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ  ပံ့သကူမဟာထေရ်ဂူဘုရားရှိ နံရံဆေးရေးပန်းချီများနှင့် ဘုရားတည်ဆောက်ပုံ ဗိသုကာလက်ရာများကို လေ့လာနိုင်ကြောင်း သိရသည်။

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပံ့သကူမဟာထေရ်ဂူဘုရားသည် အရှင်ပံ့သကူမဟာထေရ် သပိတ်မှောက်သည့်လုပ်ရပ်ကို အစွဲပြုကာ သပိတ်မှောက်ဘုရားဟု အမည်တွင်ခဲ့ဟန်ရှိကြောင်း၊ စူဠာမဏိဘုရားကြီး တည်ဆောက်ပြီးစဉ်က ပိုသောအုတ်များကို အသုံးပြု တည်ဆောက်ခဲ့သည်ဟူ၍ လည်းကောင်း၊ ခရစ်နှစ် ၁၁၈၆ ခုနှစ်တွင် နရပတိစည်သူမင်းကြီး တည်ခဲ့သည်ဟုလည်းကောင်း သိရှိရသည်။ စူဠာမဏိစေတီနှင့် ပုံစံတူတည်ဆောက်ထားကြောင်း သမိုင်းမှတ်တမ်းများအရ သိရပြီး သုံးထပ်လိုဏ်ဂူ ဘုရားတစ်ဆူဖြစ်ပြီး (၁၉၇၅)ခုနှစ်က ဖြစ်ပွားသော ငလျင်ဒဏ်ကြောင့် စေတီ၏ အတွင်းပိုင်းတွင် ပျက်စီးမှုများရှိခဲ့ပြီး (၂၀၁၆)ခုနှစ်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ် ထပ်မံပျက်စီးမှုရှိခဲ့ကြောင်း သိရကာ ဘုရားကြီးတိုက်မအတွင်းပိုင်း နံရံဆေးရေးပန်းချီများနှင့် ဘုရားကြီးတည်ဆောက်ပုံ ဗိသုကာလက်ရာများကိုလည်း လေ့လာနိုင်ကြောင်း သိရသည်။

 

ပံ့သကူမဟာထေရ်ဂူဘုရား၏ အရှေ့တောင်ဘက်တွင် ပြဿဒ်ကြီးဘုရား၊ အိုးထိန်းတောင်၊ တောင်ဘက်တွင် ဓမ္မရာဇကဘုရား၊ အနောက်ဘက်တွင် ဓမ္မရံကြီးဘုရားနှင့် ရွှေနန်းရင်တောကျောင်းတိုက် အစုအဝေး၊ မြောက်ဘက်တွင် ဘုလည်သီးဘုရားနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း မတူညီသော တည်ထားမှုပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကို ဖူးမြော်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။

 

ဒီပါလင်း