ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ သိကြားပုန်းဂူဘုရားဖူးမြော်ပြီး မုခ်ချိုင့်ငယ်များအတွင်း ရေးဆွဲထားသည့် ဗုဒ္ဓဝင်ခန်းများနှင့် နံရံဆေးရေးပန်းချီများကို လေ့လာနိုင်

ညောင်ဦး စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက အေဒီ ၁၂ ရာစုတွင် တည်ဆောက်ထားသည့် သိကြားပုန်းဂူဘုရားဖူးမြော်ပြီး ဂူဘုရားကြီးအတွင်းရှိ မုခ်ချိုင့်ငယ်များအတွင်း ရေးဆွဲထားသည့် ဗုဒ္ဓဝင်ခန်းများနှင့် နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။

သိကြားပုန်းဘုရားသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက် ဝက်ကြီးအင်းရပ်ကွက်၏ တောင်ဘက် သိကြားဟစ်ဘုရားအနီးတွင် တည်ရှိသည်။ သိကြားပုန်းဘုရားသည် သိကြားဟစ်ဘုရားကဲ့သို့ အေဒီ ၁၂ ရာစုလက်ရာ ကွမ်းတောင်ပေါက် တစ်ထပ်ဂူဘုရားဖြစ်ပြီး ဂူဘုရားအတွင်းရှိ မုခ်ချိုင့်ငယ်များတွင် ဗုဒ္ဓဝင်ခန်းများကို ရုပ်ကြွနှင့် နံရံဆေးရေးပန်းချီများ လေ့လာတွေ့ရှိနိုင်ပြီး လိုဏ်အတွင်း ပလ္လင်တော်ပေါ်၌ အတွင်းမှ ရုပ်ပွားဆင်းတုတော်ငယ်ကိုငုံ၍ ထုလုပ်ထားသည့် နှစ်ထပ်ရုပ် ပွားဆင်းတုတော်ကြီးကိုလည်း ဖူးမြော်လေ့လာနိုင်သည်။

သိကြားပုန်းဘုရားသည် တိုက်မအရှေ့ဘက်လှည့် ဂူဘုရားတစ်ဆူဖြစ်ကာ သိကြားပုန်းဘုရား၏ အရှေ့ဘက်တွင် ရွှေစည်းခုံဘုရား၊ တောင်ဘက်ကပ်လျက် သိကြားဟစ်ဘုရား၊ ရွှေလိပ်တူးဘုရား၊ ရွှေလိပ်ပေါက်ဘုရား၊ အနောက်တောင်ဘက်တွင် ထီးလိုမင်းလိုဘုရား၊ အနောက်ဘက်တွင် ငွေစည်းခုံဘုရား၊ စတုမုခဘုရားနှင့် သူငယ်တော်ဘုရားတို့ကိုလည်း ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။

ဒီပါလင်း