ပုဂံလူရည်ချွန်အပန်းဖြေစခန်းဖွင့်လှစ်၊ လူရည်ချွန်လူငယ်မောင်မယ်များ ပုဂံဒေသရှိ တန်ခိုးကြီးဘုရားများအား လှည့်လည်ဖူးမြော်လေ့လာ

ပုဂံ  ၁  မေ  

 

၂၀၁၈ ခုနှစ် အဌမတန်းလူရည်ချွန်(ပုဂံလူရည်ချွန်အပန်းဖြေလေ့လာရေးစခန်း)ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက ပုဂံမြို့ရှိ မြနန်းဘုံ Royal Emerald River View Resort ဟိုတယ်ရှေ့မုခ်ဦး၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးပညာ ရေးမှူးရုံးမှ ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှူး  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးသည်။

 

 

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က လူရည်ချွန် ကျောင်းသား၊ကျောင်းသူများအား ရင်ထိုးတံဆိပ်များ ပေးအပ်ရာ လူရည်ချွန် ကျောင်းသားကျောင်းသူများ ကိုယ်စား ကျောင်းသားကျောင်းသူတစ်ဦးစီက လက်ခံ ရယူကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်လူရည်ချွန်ကြီးများက ၂၀၁၈ ခုနှစ် လူရည်ချွန် ကျောင်းသားကျောင်းသူများအား ရင်ထိုးတံဆိပ်များတပ်ဆင်ပေးကြပြီးနောက် စုပေါင်းမှတ် တမ်း တင်ဓာတ်ပုံရိုက်ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

 

 

ပုဂံလူရည်ချွန်စခန်း နှစ်စဉ် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “အဓိကဒီအဋ္ဌမတန်းလူရည်ချွန်စခန်းကို ပုဂံမှာဖွင့်တာ ခြောက်ကြိမ်မြောက်ရှိပါပြီ။ ဒီမှာဖွင့်တဲ့ ရည်ရွယ်ချက်က ပထမမြန်မာနိုင်ငံတော်ထူထောင်ခဲ့တဲ့နေရာဖြစ်တယ်။ ဒီမှာလူရည်ချွန်လူငယ် မောင်မယ် လေးတွေ ဒီပထမ မြန်မာနိုင်ငံတော်ထူထောင်ခဲ့တဲ့နေရာကိုလေ့လာပြီး နိုင်ငံတော်ကိုချစ်စေချင် အကျိူးပြုစေ ချင်လို့ ဒီမှာ လူရည်ချွန်စခန်းတွေဖွင့်တာဖြစ်ပါတယ်။ ဒီကလေးတွေ အားလုံးဟာ အနာဂတ်အတွက် ခေါင်းဆောင်တွေ မလွဲမသွေဖြစ်လာကြမှာပါ။ တိုင်းရင်းသားတွေ၊ တိုင်းနဲ့ပြည်နယ် အသီးသီးက လာတာ ဆိုတော့ ပြည်ထောင်စုစိတ်ဓာတ်၊ နိုင်ငံချစ်စိတ်၊ တည်ဆောက်လို စိတ်တွေ ဖြစ်ပေါ်လာမယ်။

 

 

နောက်ပြီး နိုင်ငံ့ခေါင်းဆောင်တွေမလွဲမသွေဖြစ်လာကြမယ့်ကလေးတွေက ကြိုတင်ပြီး ရင်းနှီးမှုတွေ ရှိထားကြရမယ်။ ကျွန်တော်တို့မှာလည်းတာဝန်ရှိတယ်။  ဘာလဲဆိုတော့ လူငယ်တွေကို နေရာပေးဖို့ လူငယ် တွေကလည်း ပေးတဲ့နေရာမှာကြိုးစားပြီးတော့ တိုင်းပြည်အတွက် တည်ဆောက်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရဖို့အရေးကြီးပါ တယ်။ လူငယ်တွေအတွက် ကျွန်တော့် အမှာစကားကတော့ တိုင်းပြည်ရဲ့အနာဂတ် အတွက် ခေါင်းဆောင်ဖြစ် မယ့်သူတွေအတွက် ကျွန်တော်တို့လူကြီးတွေ အစစအရာရာ ပြင်ဆင်ပေးခဲ့မယ်။ ကျွန်တော်တို့ လူကြီးတွေ ကိုယ်တိုင် မြေတောင်မြှောက်ပေးရမယ်။ အဲဒီလိုမြေတောင်မြှောက်ပေးမှုတွေကို ခံယူရင်းနဲ့ နိုင်ငံကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ်။”ဟုပြောကြားသည်။

 

 

ယနေ့ နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှ ထူးချွန်ကျောင်းသားကျောင်းသူများသည် ရွှေစည်းခုံ၊ အာနန္ဒာ၊ ကန်တော့ပလ္လင်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ လောကနန္ဒာ အစရှိသည့်တန်ခိုးကြီးဘုရား ၁၀ ဆူ အပါအဝင် ယူနက်စကိုကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၅ ခုနှစ်က သတ်မှတ်ခံခဲ့ရသည့် မြစေတီ ကျောက်စာ(ရာဇကုမာရ် ကျောက်စာ)ကိုလည်း လေ့လာခဲ့ကြသည်။

 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှ အဋ္ဌမတန်းလူရည်ချွန် မရှင်မင်းသွဲ့က ပုဂံအပန်းဖြေခရီးနှင့် ပတ်သက်၍ “ အခုလိုလူရည်ချွန်အဖြစ်နဲ့ လေ့လာရေးခရီးလာရောက်ရတာအလွန်ပျော်ပါတယ်။ ဂုဏ်လည်း ယူတယ်။ ဒီလိုဘုရားဖူး ခရီးုကို အရင်တုန်းကတော့ မိသားစုနဲ့လာဖူးတယ်။ ဒါပေမယ့် အခုလိုမျိုး လာတာနဲ့တော့ ဘယ်လိုမှမတူပါဘူး။ ဒါကတော့ ကိုယ့်ကြိုးစားမှုရဲ့ရလဒ်အဖြစ်နဲ့လာရတာဆိုတော့ ပိုပြီးတော့ ပျော်ပါတယ်။ လူရည်ချွန်တစ်ယောက် အနေနဲ့ကတော့ မွန်မြတ်တဲ့စိတ်ထားရမယ်။ သူများအပေါ် ကောင်းတဲ့စိတ်ပဲထားရမယ်။ သူများထက် ပိုပြီးတော့ ကြိုးစားရမယ်လို့ ခံယူထားပါတယ်။”ဟုပြောပြသည်။

 

 

ပညာရေးဝန်ကြီး ဌာနသည် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသားကျောင်းသူများ ဉာဏ်ပညာထူးချွန် ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ မှန်ကန်သော အကျိုးပြုယှဉ်ပြိုင်မှုဖြင့် ဘက်စုံပညာအရည်အသွေးများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ အများနှင့် စုပေါင်းနေထိုင်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန်နှင့် ဒေသန္တရဗဟုသုတ များ ရရှိလာစေရန်နှင့် ကျောင်းသားကျောင်းသူများ၏ စံနမူနာပြ လူငယ်များပေါ်ထွန်းစေရန် ရည်ရွယ်ချက် များဖြင့် လူရည်ချွန်ရွေးချယ်ချီးမြှင့်ခြင်းကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၃ ခုနှစ်က စတင်ခဲ့သည့် ဘက်စုံပညာထူးချွန် လူငယ်စီမံကိန်းအနေဖြင့် ယခုနှစ်တွင် ခြောက်ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရ အဆက်ဆက်က လူငယ် မောင်မယ်တို့ကို လူရည်ချွန် ၊ လူရည်မွန် လူတော် လူကောင်းများ ဖြစ်လာစေရန် အစဉ်တစိုက် ပြုစုပျိုးထောင်ပေးခဲ့ရာ   ထူးချွန်လူငယ် စီမံကိန်းကို တော်လှန်ရေး ကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်မှ စတင်ပြီး ၁၉၈၈ ခုနှစ်အထိ ပထမမျိုးဆက် လူရည်ချွန်စီမံကိန်း အကောင်အထည်ဖော်ခဲ့ရာ  ၂၄ နှစ်တာ ကာလအတွင်း လူရည်ချွန် ပေါင်း ၇၉၀၈ ဦးကို မွေးထုတ်နိုင်ခဲ့ပြီး ၎င်းလူရည်ချွန်များ အနေဖြင့် အဆင့်မြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ပြီး  ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်များ အဖြစ်ပါဝင်ခဲ့ကြကြောင်း သိရသည်။  

 

သတင်း - ဇင်ဦး(မြန်မာ့အလင်း)၊ 
ဓာတ်ပုံ - သီဟစည်သူ