ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ညောင်ဦး     ဇူလိုင်     ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု လျော့နည်းစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်  မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက  ရပ်ကွက်လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းအဖြစ် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ပုဂံနယ်မြေမီးသတ်စခန်းမှ  မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်များအလိုက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂံမြို့ရှိ ပုဂံဒေသဖွံ့ဖြိုးရေးပရဟိတအသင်းတို့နှင့် ပူးပေါင်း၍ ရပ်ကွက်လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍  ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှုအန္တရာယ် ကင်းဝေးစေရေး အတွက် ပုဂံနယ်မြေမီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပုဂံဒေသဖွံ့ဖြိုး ရေးပရဟိတ အသင်းနှင့် ပူးပေါင်း၍ ယမန်နေ့က ပုဂံမြို့ပေါ်ရှိ ရပ်ကွက်လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ရုံးခြံဝန်းတံခါးများ၊ ရုံးအတွင်းရှိ စားပွဲ၊ ကုလားထိုင်များ၊ ရုံးအဆောက်အဦကြမ်းပြင်နှင့် ရုံးအဝင် အထွက်လမ်းများတွင် လည်းကောင်း၊ ရပ်ကွက်တွင်း လူအသွားအလာများသည့်လမ်းများ၊ နေအိမ်ခြံဝန်းတံခါးပေါက်များ၊ စားပွဲ၊ ထိုင်ခုံနှင့် ခုံတန်းလျားများ၊ ရေချိုးခန်း၊ အိမ်သာများမကျန် နေရာအနှံ့ Bleaching Solution ပိုးသတ်ဆေးများ စနစ်တကျ ပက်ဖျန်းဆောင်ရွက်ပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံက သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)