ပုဂံရှေးဟောင်းအမွေအနှစ်များ ရေရှည်တည်တံ့စေရန်ကြံ့ခိုင်မှုလုပ်ငန်းများဆောင်ရွက်ထားသင့်

ညောင်ဦး  ၁၀  အောက်တိုဘာ

ပုဂံဒေသအတွက် ဒေသတွင်းယဉ်ကျေးမှုအမွေအနှစ် ရုပ်ဝတ္ထုပစ္စည်းများဖြစ်သည့် ရှေးဟောင်းဘုရားပုထိုး၊ စေတီများ၊အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း အမျိုးသားရေးအမြင်များဖြင့် ကာကွယ်ထိန်းသိမ်းသွားရန်လိုကြောင်းနှင့် စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောလှုပ်ရှားမှုဒဏ်ခံနိုင်ရန်အတွက်လည်း ကြံ့ခိုင်မှုလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားသင့်ကြောင်း ဒေသခံပညာရှင် ဦးအောင်ကြိုင် (မင်းဘူးအောင်ကြိုင်)(အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနဦးစီးဌာန)က ပြောကြားသည်။

“ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သွားတော့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရင် ငွေကြေးအထောက်အပံ့၊ နည်းပညာအထောက်အပံ့တွေကတော့ ရရှိလာမှာပါ။ ပုဂံဒေသတွင်း ခရီးသွားဖွံ့ဖြိုးမှု ပိုမိုကြီးထွားလာနိုင်သလို၊ ပုဂံဒေသခံ ၈၀ ရာခိုင်နှုန်းကျော်ကလည်း ခရီးသွားလုပ်ငန်းကို အမှီပြုနေရတာဖြစ်လို့ ဒေသခံများ လူမှုစီးပွားဘဝတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မှာပါ။ ဒါပေမယ့် ဒေသတာဝန်ရှိသူများအနေနဲ့ သဘာဝဝန်းကျင် သန့်ရှင်းသာယာလှပရေးကို အရင်ကထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားဖို့လိုအပ်သလို၊ ယူနက်စကို စည်းမျဉ်းစည်းကမ်းများကိုလည်း ဒေသခံများနဲ့ သဟဇာတဖြစ်အောင်၊ လိုက်နာဆောင်ရွက်လာနိုင်အောင်လည်း ပညာပေးစည်းရုံးသွားဖို့ လိုအပ်ပါတယ်။ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြီးက အချိန်မရွေးလှုပ်ရှာဖလာနိုင်တဲ့အတွက် ပုဂံအမွေအနှစ်များကို ပိုမိုထိခိုက်လာနိုင်ပါတယ်၊ ဒါ့ကြောင့် ကြံ့ခိုင်ရးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားသင့်ပါတယ်”ဟု ဦးအောင်ကြိုင် (မင်းဘူးအောင်ကြိုင်)(အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနဦးစီးဌာန) က ရှေးဟောင်းအမွေအနှစ်များ ရေရှည်တည်တံ့ရေးနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ကိုနေ

(ကျောက်ပန်းတောင်း)