ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ တစ်နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွား ၂၉၅၂၈၄ ဦးဝင် ရောက်လေ့လာ

ညောင်ဦး ၈ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၂၀၁၈ - ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ပြတိုက်သို့ လာရောက် လေ့လာလည်ပတ်သည့် ခရီးသွားဧည့်သည် ၂၉၅၂၈၄ ဦး ဝင်ရောက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အအမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းထံက သိရသည်။

 

အဆိုပါ ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းကန်တော့ပလ္လင် ဘုရားတောင်ဘက်တွင် တည်ရှိပြီး တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ပုံမှန်ဖွင့်လှစ်ပေးထားကြောင်း၊ ပြတိုက်ဝင်ကြေး ပြည်ပဧည့်သည်တစ်ဦးလျှင် ကျပ် ၅၀ဝ၀ ကောက်ခံပြီး ပြည်တွင်းဘုရားဖူး ခရီးသွားလေ့လာရေးတစ်ဦးလျှင် လူကြီး ၅၀ဝ ကျပ် ကောက်ခံကာ ကျောင်းသားကျောင်းသူ၊ ကလေး၊ ရဟန်းသံဃာများအား အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုကြောင်း သိရသည်။

 

ပြတိုက်နောက်ခံသမိုင်းအကျဉ်း

 

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို (၁၉၀၄)ခုနှစ်တွင် ကမ္ဗည်းကျောက်စာဝန်မစ္စတာတော် စိန်ခိုက ပုဂံမြို့ဟောင်း အာနန္ဒာဘုရားကြီး၏ စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ (၁၉၇၉) ခုနှစ် အောက်တိုဘာလတွင် ကန်တော့ပလ္လင်ဘုရားတောင်ဘက် ရှစ်မြှောင် ပုံသဏ္ဏန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့ကာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးရာပုဂံဒေသတွင် ကမ္ဘာ့အဆင့်မီ ရှေးဟောင်းသုတေသနပြတိုက်ကြီးကို (၁၉၉၅)ခု၊ မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၉၈)ခု၊ ဧပြီလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ပြသနိုင်ခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းမှ ရှင်းပြသည်။ ပြတိုက်ကြီးသည် ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက် ရှစ်မြှောင့် ပုံပြတိုက်ဟောင်း၏ အနီးတွင်တည်ရှိပြီး (၁၀ ဒသမ ၉၇)ဧက ကျယ်ဝန်းသော မြေဧရိယာဝင်းအတွင်း တည်ဆောက်ထားကြောင်း သိရသည်။

 

ပြတိုက်ကြီးတွင် ပြခန်း(၁၀)ခန်းဖြင့်ပြသထား

 

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ် ဗိသုကာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ် ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီ ပြခန်း၊ ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်း စသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားကြောင်း သိရကာ ပုဂံခေတ်ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းပေါင်း တစ်သောင်းကျော်ပြသထားကြောင်း၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်းမှ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ကြီးအတွင်း တစ်စုတဝေးတည်း ကြည့်ရှုလေ့လာနိုင်ကာ ပြတိုက်အတွင်းပြသထားသည့် ဝတ္ထုပစ္စည်းများအကြောင်း သိရှိလိုလျှင်လည်း ပြတိုက်ဝန်ထမ်းများမှ ရှင်းပြပေးကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ပြည်တွင်းဘုရားဖူး လေ့လာရေးဧည့်သည် ၂၉၅၂၈ ဦး လာရောက်လေ့လာကြကာ ပြည်တွင်းခရီးသွား (၂၈၄၉၃၀)ဦးနှင့် ပြည်ပခရီးသွားဧည့်သည် (၁၀၃၅၄)ဦး ဝင်ရောက်ခဲ့ကြောင်း၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ကမ္ဘာ့မွေအနှစ်ဒေသသို့ရောက်လျှင် ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်သို့ အရောက်သွားကာ မြေပြင်သာသနိကအဆောက်အအုံများ၊ ဘုရား၊ စေတီ၊ ပုထိုးများကို ပြတိုက်ကြီးထဲတွင် အနီးကပ်လေ့လာနိုင်ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှု သုတေသနပြတိုက် ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းက ရှင်းပြသည်။

 

ပုဂံရှေးဟောင်းယဉ်ကျေးမှု သုတေသနပြတိုက်ကြီးအနီးတွင် ကလေးပြတိုက်ကိုလည်း ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုကလေးပြတိုက်ရှိ ဝတ္ထုပစ္စည်းများအား ကလေးငယ်များ ကိုင်တွယ်နိုင်ကြောင်း၊ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်သူ အနော်ရထာမင်းကြီး၏ရုပ်တု (AD-1044  မှ 1077)၊ ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်သူ ဘုရင့်နောင်မင်းကြီးရုပ်တု(AD-1552 မှ 1581)၊ တတိယမြန်မာနိုင်ငံတော်တည်ထောင်သူ အလောင်းမင်းတရားကြီးရုပ်တု (AD-1752 မှ 1760) ရုပ်တုတို့အား ကလေးငယ်များ စိတ်ဝင်စားစေရန် ပြသပေးထားကာ ပုဂံသူရဲကောင်း လေးယောက်ပုံကိုလည်း ရုပ်တုအကြီးများ ထုလုပ်ပြသထားသည်။

 

ကလေးပြတိုက်တွင် ပုဂံခေတ် အတီးအမှုတ် တူရိယာမျိုးစုံအား ကလေးငယ်များကိုယ်တိုင် တီးခတ်နိုင်ခြင်း၊ ထန်းထွက်ပစ္စည်းအမျိုးမျိုးပြသထားခြင်း၊ မြန်မာ့ရိုးရာယက်ကန်းရက်လုပ်သည့် ယက်ကန်းစင်နှင့်ချည်ငင်ပုံစံများ၊ ရှေးဟောင်းအဆောက်အအုံ ပုံစံငယ်များ တူးဖော်ပုံ အသေးစိတ်ပုံစံတူများအား ကလေးငယ်များကိုယ်တိုင် လက်တွေ့ဆောင်ရွက်နိုင်စေခြင်း၊ မြစ်ဆိပ်ပုံစံငယ်ကိုလည်း ကလေးငယ်များ ပျော်ရွှင်စွာကစားနိုင်စေရန် ဖန်တီးပေးထားကြောင်း၊ ကလေးပြတိုက်ထဲတွင် ဘုရားအမှတ်(၇၁၂) သင်္ဃန်းရုံဘုရားမှ နံရံဆေးရေးပန်းချီများအား ပန်းချီပညာရှင်များ မိတ္တူရေးဆွဲခိုင်းကာ ပုဂံခေတ်ထန်းတက်ခဲ့ပုံ အဆင့်ဆင့်နှင့် ထန်းထွက်ပစ္စည်း အမျိုးမျိူးပြုလုပ်ပုံ၊ ပြုလုပ်နည်းများကိုလည်း ကလေးပြတိုက်တွင် လက်တွေ့ လုပ်ဆောင်နိုင်ခြင်းများ ပြသထားခြင်းကြောင့် ပုဂံရောက်လျှင် ပုဂံရှေးဟောင်းယဉ်ကျေးမှု သုတေသနပြတိုက်နှင့် ကလေးပြတိုက်တို့သည် တစ်ဝင်းထဲတွင်ရှိခြင်းကြောင့် တစ်နေရာထဲတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း ကလေးပြတိုက်တာဝန်ခံ ဒေါ်ဥမ္မာကျော်မှ ရှင်းပြ၍သိရသည်။

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)