ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ဒေသခံပြည်သူများ၏ အကြောင်းအရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ

ပုဂံ ၇ ဇွန်   

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရှိ မြို့လယ်ဓမ္မာရုံတွင် ယနေ့ နံနက် ၈ နာရီက Save Bagan အင်အားစုမှ (၂) နှစ်ပြည့် အထိမ်းအမှတ် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ဒေသခံပြည်သူများ၏ အကြောင်းအရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ Save Bagan အင်အားစုမှ တာဝန်ရှိသူများ၊ ပုဂံဧည့်လမ်းညွှန် အသင်းအဖွဲ့ဝင်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ပုဂံညောင်ဦးဘုရားများရှိ ဈေးသည်များ၊ ပုဂံညောင်ဦးမြို့ပေါ်ရှိ မြင်းလှည်းလုပ်ငန်းရှင်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

 

သတင်းစာရှင်းလင်းပွဲတွင် ပုဂံမြို့၊ မြို့မိမြို့ဖ ဦးခင်မောင်နုက အဖွင့်အမှာစကား ပြောကြားပြီး Save Bagan အင်အားစုမှ ဦးမြင့်ဇော်က သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ပုဂံဒေသ အကြောင်းအရာနှင့် စပ်လျဉ်း၍ ပုဂံဒေသခံ ဧည့်လမ်းညွှန် (ဓါတ်ပုံဆရာ) ဦးဌေးဝင်းက လည်းကောင်း၊ Save Bagan အင်အားစု၏ ဦးတည်ချက် နံပါတ် (၁) ဖြစ်သော ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဥပဒေနှင့် မညီညွတ်သော ခေတ်သစ် အဆောက်အဦများနှင့် ခြံခတ်သိမ်းပိုက်ထားသော မြေနေရာများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရေး အစီအစဉ်အား Save Bagan အင်အားစုမှ ဦးမျိုးဆက်စံက လည်းကောင်း၊ ဦးတည်ချက် နံပါတ်(၂) ဖြစ်သော တားဆီးပိတ်ပင်ခံထားရသော ဒေသခံများ၏ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်း အလုံးစုံအား ဥပဒေနှင့်အညီ အမြန်ဆုံး လမ်းဖွင့်ဆောင်ရွက်ပေးရေး အစီအစဉ်အား Save Bagan အင်အားစုမှ ဦးဆန်းမင်းကလည်းကောင်း၊ ဦးတည်ချက် နံပါတ်(၃) ဖြစ်သော ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကျွမ်းကျင်ပညာရှင်များအား  ဦးဆောင်စေ၍ ဒေသနေပြည်သူများနှင့် သက်ဆိုင်ရာ NGO အဖွဲ့အစည်းများအား ပွင့်လင်းမြင်သာစွာ သိရှိခွင့်ရရှိရေး အကြောင်းအရာကို Save Bagan အင်အားစုမှ ဦးလူလှကလည်းကောင်း၊ ဦးတည်ချက် နံပါတ်(၄)ဖြစ်သော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျူးကျော်သိမ်းဆည်းခံ မြေနေရာများ (အများပိုင်မြေ၊ အများပိုင်လမ်းနယ်၊ လယ်ယာမြေ) ကို ဥပဒေနှင့်အညီ ပြန်လည်စိစစ် ဆောင်ရွက်ပေးရေး အစီအစဉ်အား Save Bagan အင်အားစုမှ ဒေါ်ဌေးဌေးဝင်းနှင့် ဦးဇော်လွင်တို့က လည်းကောင်း၊ ဦးတည်ချက် နံပါတ်(၅)ဖြစ်သော ဧရာဝတီမြစ်ကမ်းတစ်လျှောက် တာဖို့ကျူးကျော် ဘောင်ခတ်ထားသော နေရာများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရေး အစီအစဉ်အား Save Bagan အင်အားစုမှ ဦးသန်းဌေးက လည်းကောင်း တက်ရောက်လာကြသူများနှင့် အပြန်အလှန် ပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

၎င်းနောက် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ယူနက်စကိုထံသို့ အဆိုတင်သွင်း ရေးဆွဲထားသော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၏ ရှေးဟောင်းဇုန်နယ်နိမိတ်ပြ မြေပုံအကြောင်း တစ်စေ့တစ်ဆောင်းနှင့် စပ်လျဉ်းပြီး ပုဂံဒေသခံပြည်သူ ဦးချစ်ကိုကိုက လည်းကောင်း၊ ပုဂံမြို့ ဖွံ့ဖြိုးတိုးတက်ရေး နှေးကွေးနေမှုအပိုင်းအား ပုဂံဒေသခံပြည်သူ ပန်းချီဆရာ ဦးစိုးသန်းက လည်းကောင်း၊ ပုဂံမြို့ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးရခြင်းအပေါ် ပုဂံဒေသခံတစ်ဦး၏ သဘောထားအမြင်ကို Save Bagan အင်အားစုမှ ဦးသိန်းဝင်းက လည်းကောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စားဝတ်နေရေးအတွက် ဈေးရောင်းနေကြသည့် ပုဂံညောင်ဦး ဈေးသည်များ၏ ရင်ဆိုင်ကြုံတွေ့နေရသော ဘဝအခက်အခဲများ၊ လိုလားတောင်းဆိုချက်များနှင့် စပ်လျဉ်း၍ ပုဂံညောင်ဦး ဘုရားဈေးသည်များကိုယ်စား ဈေးသည် ဦးတင်လင်းအောင်က လည်းကောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ မြင်းလှည်းလုပ်ငန်းဖြင့် စားဝတ်နေရေး လုပ်ကိုင်နေကြရသည့် ပုဂံညောင်ဦး မြင်းလှည်းလုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရသော ဘဝအခက်အခဲများနှင့် လိုလားတောင်းဆိုချက် များအပေါ် ပုဂံညောင်ဦး မြင်းလှည်း လုပ်ငန်းရှင်များကိုယ်စား မြင်းလှည်းလုပ်ငန်းရှင် ဦးရှမ်းမောင်က လည်းကောင်း၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးမြို့ပေါ်ရှိ ရေလုပ်သားများ၏ ရင်ဆိုင်ကြုံတွေ့နေရသော ဘဝအခက်အခဲများနှင့် လိုလားတောင်းဆိုချက်များကို ရေလုပ်သား ဦးကျောက်ခဲက လည်းကောင်း၊ ပုဂံညောင်ဦး ဟိုတယ်၊ စားသောက်ဆိုင်ဝန်ထမ်းများ၏ ရင်ဆိုင်ကြုံတွေ့နေရသော ဘဝအခက်အခဲများနှင့် လိုလားတောင်းဆိုချက်များနှင့် စပ်လျဉ်း၍ ပုဂံညောင်ဦး ဟိုတယ်၊ စားသောက်ဆိုင်ဝန်ထမ်းများ ကိုယ်စား ဟိုတယ်ချစ်သူ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးနေမျိုးဝင်းက လည်းကောင်း၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် ဘဝအခက်အခဲများနှင့် လိုလားတောင်းဆိုချက်များနှင့် စပ်လျဉ်းပြီး ပုဂံညောင်ဦး တောင်သူများကိုယ်စား ဒေသခံတောင်သူ ဦးသွင်မျိုးလင်းက လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး သတင်းစာရှင်းလင်းပွဲအား နံနက်(၁၀)နာရီတွင် ရပ်နားခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)