ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေး ကွင်းဆင်းဆောင်ရွက်

ညောင်ဦး ၂၃ ဇွန်

 

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီပုထိုးများနှင့် သမိုင်းဝင် သာသနိကအဆောက်အအုံများ သန့်ရှင်းသာယာ လှပစေရန် ရည်ရွယ်ချက်ဖြင့် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးဦးသက်နိုင် (လက်ထောက် ညွှန်ကြား ရေးမှူး) ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ညောင်ဦးမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာန) ခွဲမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပုဂံရှေးဟောင်းသုတေသနဌာနစု၊ ထိန်းသိမ်းရေးဌာနစုတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဇွန် ၂၂ ရက်နေ့ နံနက် ၇ နာရီခွဲက ပုဂံမြို့ဟောင်းသွားလမ်း သရပါတံခါးအနီး ဝန်းကျင်အား စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပုဂံမြို့ဟောင်းသွားလမ်း သရပါတံခါး အနီးဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းနှင့် သရပါတံခါးနှင့် ရှေးဟောင်းသာသနိက အဆောက်အအုံများကို ထိခိုက်ပျက်စီးစေမည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းလုပ်ငန်းများကို နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ဝန်ထမ်းအင်အား (၉၇)ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)