ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တနင်္ဂနွေနေ့တွင် ဘုရားဖူးလာရောက်သူ များပြား

 

ညောင်ဦး၊ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ အောက်တိုဘာ ၁ ရက် (တနင်္ဂနွေနေ့)တွင် ဆက်လက်များပြားလျက် ရှိကြောင်း သိရသည်။

 

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ် ၇၃ လုံးမှာ ပြည့်နေပြီး နေ့ချင်းပြန် ဘုရားဖူးခရီးသွားများလည်း အလွန်များပြားလျက်ရှိသည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများသည် သမိုင်းဝင် အထင်ကရဘုရားများအား ဝင်ရောက်ဖူးမြော်သူ များပြားလျက်ရှိသလို နံရံဆေးရေးပန်းချီရှိသည့် ဘုရားများ၊ ဗိသုကာပညာအဆင့်အတန်းမြင့်မြင့် တည်ဆောက်ထားသည့် ဘုရားများ၊ Online ပေါ်တွင် နာမည်ကြီးနေသည့် ဘုရားများဖြစ်သည့် ရွှေဂူကြီးဘုရားခေါ်နန်းဦးဘုရား၊ သူငယ်တော်ဘုရား၊ စိမ်းညက်အမဘုရား၊ ရွှေကွန်ခြာဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိုးမင်းကြီးဘုရား၊ ကျောက်မျက်မှော်ဘုရားတို့တွင်လည်း ဘုရားဖူး လေ့လာရေး လာရောက်သူ များပြားလျက်ရှိသည်။

 

mdn

 

ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၈ ဆူဖြစ်သော ရွှေစည်းခုံ၊ တုရင်တောင်၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ငှက်ပစ်တောင်၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ မဟာငှက်ပစ်တောင်၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ ပြဿာဒ်ကြီးဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ရွှေဆံတော်ဘုရား၊ ဓမ္မရာဇကဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရားနှင့် ဓမ္မရံကြီးဘုရားတို့တွင် ဘုရားဖူးများ ကြိတ်ကြိတ်တိုး များပြားလျက်ရှိကာ ဓာတ်ပုံ၊ ဗီဒီယိုရုက်ကူးရန် ဓာတ်ပုံဝါသနာရှင် အလှဓာတ်ပုံဝါသနာရှင်များအနေဖြင့် ရင်မနားဘုရားအစုအဝေး၊ ခေမင်္ဂဘုရားအစုအဝေး၊ သစ္စာမဏ္ဏိုင်ဘုရားအစုအဝေး၊ ရွှေနန်းရင်တောကျောင်းတိုက်အစုအဝေးတို့တွင် များပြားလျက်ရှိသည်။

 

အဆိုပါ ဘုရားဖူး လေ့လာရေး လာရောက်သူများပြားမှုကြောင့် ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဧည့်ကား အငှားလိုက်သူများ၊ မီနီအိုးဝေခေါ် သုံးဘီးအငှားလိုက်သူများ၊ အီးဗိုက်အငှားလိုက်သူ၊ မြင်းလှည်း အငှားလိုက်သူများ အဆင်ပြေနေကြပြီး စားသောက်ဆိုင်များ၊ လက်အလှပန်းချီရေးဆွဲသူများ၊ ပုဂံရောက်အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ စာသောက်ဆိုင်များလည်း ဝင်ငွေတွက်ခြေကိုက် အဆင်ပြေနေကြောင်း သိရသည်။

 

ဒီပါလင်း