ပုဇွန်တောင် ရေကျော်လမ်းရှိ ဖုန်းဆိုင်မှ ငွေကျပ်သိန်း(၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်များ ခိုးယူသူကို ဖမ်းမိ

ရန်ကုန်  ၁   ဩဂုတ်

ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ ငွေကျပ်သိန်း(၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်များ ခိုးယူသူကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

 

အမှုမှာ ဇူလိုင် ၃၀  ရက်၊ နံနက် ၁၀ နာရီခန့်တွင် ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ AQUARIUS LIQUOR ဖုန်း အရောင်းဆိုင် မန်နေဂျာ မ-----သည် ဆိုင်တံခါးအား ဖွင့်ပြီး ဆိုင်အတွင်းရှိ ကောင်တာနှင့် စားပွဲများအား လိုက်လံ ကြည့်ရှုစစ်ဆေးရာ ရုံးခန်းအတွင်းရှိ အံဆွဲအတွင်းမှ ငွေကျပ်သိန်း (၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်(၁၈) ကတ်၊ တန်ဖိုးငွေ(၂၄,၀၀၀)ကျပ်တို့မှာ ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခိုးယူသွားသူကို အရေးယူပေးပါရန် တိုင်တန်းချက်အရ ပုဇွန်တောင်မြို့မရဲစခန်း က အမှုဖွင့်ဆောင်ရွက်ခဲ့သည်။

 

အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှသိန်း က အနီးကပ်ကြီးကြပ်၍ ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်သန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ဇော်ထွဋ် ဦးစီးအဖွဲ့က သတင်းရလျှင်ရချင်း အခင်းဖြစ်ရပ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း၊ ဆိုင်ဝန်ထမ်းများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဆိုင်အရောင်းဝန်ထမ်းဖြစ်သူ လင်းခန့်ကိုကို၊ (၂၁)နှစ်၊ အမှတ်(၈၄၆)၊ ထူပါရုံ (၁၄)လမ်း၊ (၁)ရပ်ကွက်၊ သာကေတမြို့ နယ်နေသူမှ ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်း ငွေနှင့် ဖုန်းငွေဖြည့်ကတ်တို့အား နေအိမ်၌ သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း ငွေကျပ်သိန်း(၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်တို့အား ပြန်လည်သိမ်း ဆည်း ရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ လင်းခန့်ကိုကို ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွှန့်)