ပုဇွန်တောင်ဈေးတွင် စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်များ ရောင်းချသည့် ဈေးဆိုင်များအား FDA မှ စစ်ဆေးအသိပညာပေး ဆောင်ရွက်

ပုဇွန်တောင် ၅ ဇူလိုင်

 

စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို အသုံးပြုနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်) FDA မှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်ဈေးတွင် စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်) FDAမှ ဒေါက်တာ ဖြိုးမာန်သက်ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက ဈေးအတွင်း ရောင်းချလျက်ရှိသည့် မုန့်ဖတ်၊ နန်းကြီး၊ ညှပ်ခေါက်ဆွဲ၊ ငါးပိ၊ ငရုပ်ဆီ၊ လက်ဖက်၊ ပဲပြားနှင့် ချဉ်ဖတ် မျိုးစုံကိုလည်းကောင်း၊ ဈေးအတွင်း သုံးစွဲရန် မသင့်သည့် အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံမတင်သည့် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကို ရွေ့လျားဓာတ်ခွဲခန်းယာဉ်ဖြင့် စစ်ဆေးခဲ့ကြပြီး ဈေးရောင်းချသူများအား တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး အသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

 

ထိုသို့ စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) FDAမှ တာဝန်ရှိသူများ၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်ကော်မတီဝင်များ၊ ဈေးတာဝန်ခံများနှင့် ပူးပေါင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။ 

 

MDN

 

PZD F