ပုလဲမြို့နယ်၊ ကောလင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့မှ သစ် ၁၈ တန်ကျော် သိမ်းဆည်းရမိ

နေပြည်တော်  ၂၂   သြဂုတ် 


သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သြဂုတ် ၂၀ ရက်မှ ၂၁ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ/ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပိတောက်ကုန်း ကျေးရွာလမ်းခွဲအနီး၌ (၆)ဘီး A-6 အမျိုးအစား ယာဉ်ပေါ်မှ ပျဉ်းကတိုးနှင့် သစ်ယာခွဲသား ၄ ဒသမ ၁၂၁၂ တန်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ် ခေါတောကျေးရွာ၏အရှေ့ဘက် ကောလင်း-ဥက္ကံသွားလမ်းဘေး၌ သရီးကဒေါင်း (၆)ဘီးယာဉ်တစ်စီးပေါ်မှ တမလန်းခွဲသား ၅ ဒသမ ၁၂၆၄ တန်ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် သူရဲတန်းကြိုးဝိုင်းနှင့် ကျောက်ဖူးကြိုးဝိုင်းတို့အတွင်းမှ ပျဉ်းကတိုး၊ ဂွေး၊ မျောက်ငို၊  ဇင်ပြွန်း၊ ထောက်ကြန့်၊ ဘင်္ဂခွဲသား စုစုပေါင်း ၇ ဒသမ ၂၈၃၄ တန်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။


ထို့ပြင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဆွဲလဲ-ကျင်းသွား ရွာချင်းဆက်လမ်း အထက်ကျော်ကျေးရွာ၏ မြောက်ဘက်နေရာ၌ ပင်ထောင်ချောင်းအတွင်း (၆)ဘီးယာဉ်ပေါ်မှ ပိတောက်ခွဲသား ၁ ဒသမ ၉၈၀၆ တန်ကိုယာဉ်နှင့်အတူ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။


သတင်းစဉ်

 

1.1