ပုလင်းကြီးကျေးရွာအနီး တောင်တွင်းကြီး-မြို့သစ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

မြို့သစ် ၃ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုလင်းကြီးကျေးရွာအနီး တောင်တွင်းကြီး-မြို့သစ်ကားလမ်းတွင် ယမန်နေ့က ဆိုင်ကယ်နှင့်ကားတိုက်မိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြို့သစ်မြို့နယ်၊ မြို့လုလင်အုပ်စု၊ စစ်တောကျေးရွာနေ ကိုမောင်ထွန်းသည် ၎င်းဆိုင်ကယ်၏ နောက်တွင် တစ်ရွာတည်းနေ ကိုစံထွေးအား တင်ဆောင်၍ မြို့သစ်ဘက်မှ တောင်တွင်းကြီးဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၁၄/၂)နှင့် (၁၄/၃)အကြားအရောက်တွင် ရှေ့မှမောင်းနှင်နေသည့် EXPRESS ကားတစ်စီးအား ကျော်တက်မောင်းနှင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ ရွှေမှန်တင်ရပ်ကွက်နေ မင်းမင်းထွေး မောင်းနှင်လာသော (၆)ဘီးကုန်တင်ယာဉ်နှင့် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ဝင်ရောက် တိုက်မိခဲ့သည်။ ထို့ကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုမောင်ထွန်းနှင့် ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ ကိုစံထွေးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မြို့သစ်ပြည်သူ့ဆေးရုံသို့ပို့အပ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ကြောမရှင်းဘဲ ရှေ့မှမောင်းနှင်နေသည့် ယာဉ်ကို ကျော်တက်မောင်းနှင်သူ မောင်ထွန်းနှင့် ရထားသံလမ်းကူးတွင် အရှိန်မလျှော့ဘဲ မောင်းနှင်သူ ယာဉ်မောင်း မင်းမင်းထွေးတို့အား မြို့သစ်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းဝင်းထွန်း (ပြန်ဆက်)