ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် ချယ်ဆီး တိုက်စစ် ကစားသမား ဇီယက်ကို ဘာစီလိုနာ ခေါ်ယူလို

နိုဝင်ဘာ ၁၉

စပိန်လာလီဂါနာမည်ကြီး ဘာစီလိုနာအသင်းသည် ပရီမီယာလိဂ်ကလပ် ချယ်ဆီးအသင်းမှတိုက်စစ် ကစားသမား ဟာကင်ဇီယက် ကို ခေါ်ယူလိုနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ချယ်ဆီးအသင်းကလည်း အဆိုပါ တိုက်စစ်ကစားသမားကို ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင် ထွက်ခွာခွင့်ပြုဖွယ်ရှိသောကြောင့် အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိသည်။

ဇီယက်သည် ယခုနှစ်ရာသီတွင် နည်းပြတူချယ်လက်အောက်၌ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် ကစားသမားတစ်ဦးဖြစ်သည်။ ၎င်းသည် အိုင်းယက်စ်အသင်းမှ ချယ်ဆီးအသင်းသို့ ပြီးခဲ့သည့်နှစ်တွင် ရောက်ရှိလာပြီး ယခုနှစ်ရာသီတွင် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားသေးသူ ဖြစ်သည်။

ဘာစီလိုနာနည်းပြသစ် ဇာဗီသည် ကစားသမားသစ်များခေါ်ယူကာ အသင်းကို ပြုပြုပြောင်းလဲမှု များစွာပြုလုပ်လိုနေပြီး မန်စီးတီးအသင်းမှ တိုက်စစ်ကစားသမား ရာဟင်စတားလင်းနှင့် ချယ်ဆီးအသင်းမှ တိုက်စစ်ကစားသမား ဟာကင်ဇီယက်တို့ကို ခေါ်ယူရန် ဆန္ဒရှိနေသည်။

ချယ်ဆီးအသင်းသည် ဘာစီလိုနာအသင်း၏ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိပြီး ဇီယက်ကို အပြီးသတ် ဝယ်ယူခွင့်နှင့်အတူ ကနဦးအားဖြင့် ထွက်ခွာခွင့်ပြုဖွယ်ရှိသည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဇီယက်သည် ယခုနှစ်ရာသီတွင် ပရီမီယာလိဂ် ပွဲစဉ် (၁၁) ပြီးဆုံးချိန်တွင် ချယ်ဆီးအသင်းအတွက် ပွဲထွက်ခွင့်နှစ်ပွဲသာ ရရှိထားသည်။ တိုက်စစ်ကစားသမား ဇီယက်ကို ဘာစီလိုနာအသင်းအပြင် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန် အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ဘာစီလိုနာ အသင်းသည် လာလီဂါပွဲစဉ်(၁၂)အပြီးတွင် သုံးပွဲအထိ ရှုံးပွဲကြုံတွေ့ထားပြီး ငါးပွဲသရေကျကာ လေးပွဲသာ နိုင်ပွဲရရှိထားသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းသည် အမှတ်ပေးဇယားတွင် ရမှတ် ၁၇ မှတ်ဖြင့် အဆင့် (၉) နေရာတွင် ရပ်တည်နေပြီး ဦးဆောင်သူ ရီးရဲဆိုစီဒက်အသင်းနှင့် ၁၁ မှတ်အထိ ကွာဟလျက်ရှိနေသည်။ ဘာစီလိုနာအသင်းသည် လာမည့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၁ ရက်တွင် အက်စ်ပန် ညိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အောင်ဇော်