ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များဝေငှပေးရန် တနိုင်းမြို့နယ်၌ အိမ်ထောင်စုစာရင်းများ ကောက်ယူ

တနိုင်း  ၈   ဧပြီ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုလျော့နည်းစေရန် မဟာသင်္ကြန်ကာလအတွင်း တနိုင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များဝေငှပေးနိုင်ရန် အခြေခံလူတန်းစားများ၏ အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား( ၅၀)ကျပ်သား၊ ကြက်သွန်(၁)ပိဿာတို့ကို ဝေငှသွားမည်ဖြစ်သည်။

ပြည်သူများကို သင်္ကြန်ရုံးပိတ်ရက် ဧပြီ ၁၀ ရက်မှ ၁၉ ရက်နေ့အထိ ဝေငှပေးသွားမည်ဖြစ်ရာ တနိုင်းမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းမှစ၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာအကြီးအကဲများနှင့် အုပ်ချုပ်ရေးမှူးများမှ လိုက်လံကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)