ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ဝေငှပေးနိုင်ရေး အိမ်ထောင်စုစာရင်းများ ကောက်ယူ

လှိုင်းဘွဲ ၈ ဧပြီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပြည်သူများ တင်ပြချက်ကို စိစစ်၍ နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများ သုံးသပ်ချက်အရ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် သင်္ကြန်ရုံးပိတ်ရက် ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ ဝေငှပေးနိုင်ရန် အခြေခံ လူတန်းစားများ၏ အိမ်ထောင်စု စာရင်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက အိမ်တိုင်ရာရောက် လူဦးရေစာရင်းများ ကောက်ယူလျက်ရှိသည်။

 

ထိုသို့ဝေငှရာတွင် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၅) မျိုးဖြစ်သော ဆန် (၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာတို့ကို အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှု လျော့နည်းစေရန်အတွက် ပြည်သူများအားလုံး မိမိအိမ်၌ နေထိုင်၍ ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အိမ်ထောင်စုစာရင်းများအား လိုက်လံကောက်ယူလျက်ရှိကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)