ပြုပြင်ပြောင်းလဲခြင်းဖြင့် စီးပွားရေးကဏ္ဍမြှင့်တင်

၂၆  နိုဝင်ဘာ

 

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူအဆင်ပြေလျှင် ထိုနိုင်ငံ၏ စီးပွားရေးတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ စီးပွားရေးလုပ်ကိုင်မှု အဆင်ပြေချောမွေ့စေရေးအတွက် စီးပွားရေးဆိုင်ရာကဏ္ဍများတွင် ပြုပြင်ပြောင်းလဲလုပ်ကိုင်ကြရသည်။

 

စီးပွားရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိ၊ မရှိအပေါ်တွင် သက်ဆိုင်မှုရှိသည်ဟုဆိုသော်လည်း ပြည်သူများ၏ နိစ္စဓူဝ ဘဝရပ်တည်ရှင်သန်ရေးအတွက် စီးပွားရေးကို အခက်အခဲကြား၊ စိန်ခေါ်မှုကြားမှ မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြရသည်။ အဓိကမှာ စီးပွားရေးအတွက် လုပ်သာကိုင်သာရှိသော အခွင့်အလမ်းများကို ဖန်တီးပေးရန်လိုအပ်သည်။

 

မျက်မှောက်ကမ္ဘာတွင် အခက်အခဲကြားမှ နိုင်ငံအချို့နှင့် အချို့နိုင်ငံ ငယ်များ နိုင်ငံ့စီးပွားရေး နိုးထလာသည်ကို လေ့လာတွေ့ရှိရသည်။ အီရတ်၊ အာဖဂန်နစ္စတန်၊ အီသီယိုးပီးယား စသည့် ပဋိပက္ခကြားမှနိုင်ငံများ၊ အာဖရိကတိုက်မှ နိုင်ငံငယ်များသည် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု တိုးတက်မှုအများဆုံး နိုင်ငံစာရင်းတွင် ပါဝင်လာသည်ကို တွေ့ရသည်။ ယင်းသည် လုပ်သာကိုင်သာရှိသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကို ဖော်ဆောင်နိုင်သောကြောင့်ဖြစ်သည်။

 

စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှုသည် အလွန်အရေးကြီးသည့် အချက်ဖြစ်သည်ကို သတိမူမိကြသည်။ မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတော်အစိုးရတို့ အချိန်ပေးပြီး ပြုပြင်ပြောင်းလဲ လုပ်ဆောင် လာသည်ကိုတွေ့ရသည်။ စီးပွားရေးလုပ်ကိုင်နိုင်မှုတွင် ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံ၏အဆင့်မှာ ကျမသွားဘဲ ယခင်နှစ်ကဲ့သို့ပင် အဆင့် (၁၇၁)တွင် ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

 

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးအညွှန်းကိန်းတစ်ခုကို တစ်နှစ်လျှင် ပြုပြင်ပြောင်းလဲမှု သုံးခု အနည်းဆုံး ဆောင်ရွက်ရန် စီမံကိန်းရေးဆွဲ ဆောင်ရွက်မှသာ ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှု အဆင့် (၁၀ဝ)အတွင်း ရောက်ရှိမည်ဟု စီးပွားရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အဆင့် (၁) နိုင်ငံမှာ နယူးဇီလန်ဖြစ်ပြီး အဆင့် (၂)မှာ စင်ကာပူဖြစ်သည်။ မလေးရှားမှာ အဆင့် (၁၅) ဖြစ်ပြီး အာဖဂန်နစ္စတန်မှာ (၁၆၇) ဖြစ်သည်။

 

မြန်မာနိုင်ငံသည် စီးပွားရေးဆိုင်ရာ လုပ်သာကိုင်သာရှိသော အခြေအနေကောင်းများရှိပြီးဖြစ်သည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို မကြာသေးမီနှစ်များမှ စတင်ပြောင်းလဲလုပ်ဆောင်သောကြောင့် တိုးတက်မှုအဆင့်မှာ မပြောင်းလဲသေးသဖြင့် ယခုလက်ရှိပြုပြင်ပြောင်းလဲ လုပ်ဆောင်မှုများကို အရှိန်အဟုန်မြှင့်ကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှ သာ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအဆင့် (၁၀ဝ) အတွင်း ရောက်ရှိမည် ဖြစ်သည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ အညွှန်းကိန်းခေါင်းဆောင်များ၊ ကမ္ဘာ့ဘဏ်၏ အကြံပေးများနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့က စီးပွားရေးဆိုင်ရာ ပကတိအခြေအနေကို အမှန်အတိုင်းသိရှိခြင်း၊ ကာလတိုအတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်း၊ စဉ်ဆက်မပြတ်တိုးတက်မှုများ လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ယခုအခါ မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံဖြင့် အများဆုံးဝင်ရောက်ထားပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ရှိနေပြီဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ကိုင် ရန်လွယ်ကူခြင်း၊ စီးပွားရေးတိုးတက်ခြင်း သည် အလွန်အရေးကြီးသော အချက်ဖြစ်၍ နိုင်ငံတော်အစိုးရနှင့် စီးပွားရေးအဖွဲ့အစည်းများ အထူး အလေးထား ဆောင်ရွက်နေရာ စီးပွားရေးနှင့် သက်ဆိုင်သူများအားလုံးအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။(ကြေးမုံ)