ပြုပြင်ပြောင်းလဲခြင်းဖြင့် ပြည်သူ့အကျိုးဖော်ဆောင်

နေပြည်တော် ၃၀ အောက်တိုဘာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အောက်တိုဘာလ ၂၈ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့ ရွှေသောင်ယံတံတား (မကျီးချောင်း) ဖွင့်ပွဲအခမ်းအနားတွင် ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူကို ဦးထိပ်ထားပြီး ပြည်သူကို လေးစားစွာ အလုပ်အကျွေးပြုရန်နှင့် ပြည်သူ့ဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်သည့်အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရဖြစ်လာစေရန် ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင်က ပြုပြင်ပြောင်းလဲနိုင်မှု၊ ယုံကြည်မှုအပြည့်အဝဖြင့် လိုက်ပါဖော်ဆောင်ပေးကြရန် လေးလေးနက်နက် တိုက်တွန်းပြောကြားခဲ့သည်။ ပြည်သူများ၏ တစ်ခဲနက်ထောက်ခံမှုဖြင့် နိုင်ငံ့တာဝန်ကိုရယူခဲ့သော အစိုးရ၏ နှစ်နှစ်ကျော်ကာလအတွင်း ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်စေရန် လမ်း၊ တံတားများကို တည်ဆောက်ပေးနိုင်ခဲ့သည်။ ကျန်ရှိသော ကာလအတွင်းမှာလည်းဒေသအလိုက် လိုအပ်နေသော တံတားအစင်းပေါင်း ၄၀ဝ ကျော် ပြီးစီးအောင် တည်ဆောက်သွားရန် စီစဉ်ထားသည်။ ပြည်သူများ၏ဘဝ လုံခြုံစိတ်ချမှုရှိစေရန် လမ်းများ၊ တံတားများကို ကြိုတင်ပြင်ဆင်အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်အတွင်း ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်း၊ ကျေးလက်ဒေသနေပြည်သူအားလုံး၏ ၉၀ ရာခိုင်နှုန်းအား ကျေးလက်လမ်းများ ရာသီမရွေးအသုံးပြုနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဖောက်လုပ်ပြင်ဆင် အဆင့်မြှင့်တင်မှုများကို ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းမှာ ပြည်သူများလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော လမ်းတံတား တည်ဆောက်ထိန်းသိမ်း အဆင့်မြှင့်တင်ပေးနေသော ကဏ္ဍတစ်ခုကို ပြဆိုခြင်းဖြစ်သည်။ အလားတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် အားကောင်းလာရေးတွင်လည်း အလေးထား ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြည်သူကို ဦးထိပ်ထားပြီး ပြည်သူကိုလေးစားစွာဖြင့် အလုပ်အကျွေးပြုရန်၊ ပြည်သူ့ဝန်ဆောင်မှု ပြုရန် နိုင်ငံတော် သမ္မတက အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊  ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများအား သတိပေးပြောကြားနေခြင်းဖြစ်သည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် မိမိတို့သားစဉ်မြေးဆက်များ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုအတွက် ဖြစ်သည်ကို နားလည်သဘောပေါက်ကြပြီး နိုင်ငံတော်အစိုးရနှင့်အတူ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူများက ဟန်ချက်ညီစွာ လိုက်ပါဆောင်ရွက်ကြမှသာ လိုရာခရီး ရောက်မည်ဆိုသည်ကို နိုင်ငံတော်သမ္မတက ပုသိမ်ခရီးစဉ်တွင် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားမှုများသည် နိုင်ငံနှင့် ပြည်သူ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသူများ အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ကြိုးပမ်းအားထုတ်ကြရမည့် အချက်များဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး၊ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာ၌ အတိတ်ကာလက လုပ်ဆောင်ခဲ့သော အမှားများကို သင်ခန်းစာယူကာ အနာဂတ်ကာလတွင် ပိုမိုကောင်းမွန်သည့် နိုင်ငံတော် ကြီး ဖြစ်ပေါ်လာအောင် လက်ရှိကာလတွင် ပြုပြင်ပြောင်းလဲအကောင် အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ၌ တိုင်းပြည်တိုးတက်မှုကို မဖြစ်စေခဲ့သော အတွေးအခေါ်အယူအဆနှင့် လုပ်နည်းကိုင်နည်းများကို ပြောင်းလဲဆောင်ရွက်ကြရမည် ဖြစ်သည်။ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ရာ၌ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ကျွန်ုပ်တို့အားလုံး၏ ပုံသေကားကျ အတွေးအခေါ်၊ အယူအဆ၊ အလေ့အထများကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမည်မျှရှိသည် အပေါ်တွင် မူတည်နေသည်။ သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ မျှော်လင့်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန် မှာကြားချက်နှင့်အညီ ပြည်သူပြည်သားများနှင့် ဝန်ထမ်းများအားလုံး၏ ပုံစံကျနေသည့် အတွေးအမြင်များ၊ ပုံသေကားကျ အလေ့အထများအားလုံး ကို ပြုပြင်ပြောင်လဲပေးကြရန် အထူးလိုအပ်ပါကြောင်း။

ကြေးမုံ