ပုပ္ပားတောင်ကလပ်တွင် တောင်တက် စောင်းတန်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကျောက်ပန်းတောင်း  ၁၄  ဇန်နဝါရီ  

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်ရှိ တောင်ကလပ် တောင်ပေါ်တက် စောင်းတန်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ရက်တို့တွင်ပြုလုပ်ကြကြောင်း တောင်ကလပ် ဂေါပက အဖွဲ့ထံကသိရသည်။

 

2020

 

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား တောင်ကလပ်ဂေါပကအဖွဲ့မှ ဦးဆောင်ကာ စောင်းတန်း တစ်လျှောက်ရှိ ဈေးရောင်းချသည့် ဈေးသည်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြရာ တောင်ကလပ်ပေါ် တက်ရာ စောင်းတန်းသုံးခုဖြစ်သည့် နဂါးစောင်းတန်း၊ ပတ္တမြားစောင်းတန်းနှင့် ရွှေစောင်းတန်း (ခေါ်)ဆင်နှစ်ကောင်စောင်းတန်း တစ်လျှောက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြကြောင်း သိရသည်။

 

တောင်ကလပ်ဂေါပကအဖွဲ့မှလည်း စောင်းတန်းတစ်လျှောက် အမှိုက်ထည့်ရန်အမှိုက်ပုံးများ ထားရှိ ပေးထားသော်လည်း ပုပ္ပားတောင်ကလပ်သို့ ဘုရားဖူးလာရောက်သည့်ခရီးသွားဧည့်သည်များ အမှိုက်ပုံး အတွင်းစွန့်ပစ်မှုအားနည်းနေသေးကာ ဒေသခံဈေးသည်များမှလည်း စွန့်ပစ်အမှိုက်များအား စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဓိက အမှိုက်တွေကတော့ ပလတ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများအများဆုံးရှင်းနေရကြောင်း တောင်ကလပ် ဂေါပကအဖွဲ့ဝင် ဦးဝင်းလှိုင်မှပြောပြသည်။

 

ဇန်နဝါရီ ၁၇ ရက်နေ့တွင်လည်း လူအင်အားအများအပြားဖြင့် စုပေါင်း သန့်ရှင်းရေး လုပ်သွားကြမည် ဖြစ်ကြောင်း တောင်ကလပ်ဘဏ္ဍာငွေ စစ်ဆေးရေးမှူး ဦးကျော်ဝင်းဆွေက ပြောကြား၍သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း