ပုပ္ပားတောင်ကလပ်တွင် ယခုရက်ပိုင်း နေ့စဉ် ဘုရားဖူးတစ်သိန်းနီးပါး လာရောက်လျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်လျက်ရှိ

ကျောက်ပန်းတောင်း  ၁၃  အောက်တိုဘာ

သီတင်းကျွတ် ရုံးပိတ်ရက်ရှည်နှင့် အလုပ်ပိတ်ရက်များအတွင်း နိုင်ငံအနှံ့အပြား ဘုရားဖူးခရီးထွက်ခြင်းနှင့် အပန်းဖြေခရီး ထွက်ခြင်းများကြောင့် တန်ခိုးကြီးဘုရား ပုထိုးစေတီများ၊ အပန်းဖြေစခန်းများရှိရာ မြို့တိုင်းတွင် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိရာ မြန်မာပြည်အလယ်ပိုင်း၏ အထင်ကရ နေရာတစ်ခုဖြစ်သော ပုပ္ပါးတောင်ကလပ်တွင်လည်း ယခုရက်ပိုင်းတွင်း နေ့စဉ် ခရီးသွား (၁)သိန်းခန့် ဝင်ရောက်လျက်ရှိပြီး ယနေ့ နံနက် ၉ နာရီခွဲက ပုပ္ပါးတောင်ကလပ်ကားလမ်း ပုပ္ပါးတောင် သဘာဝဥယျာဉ် လမ်းခွဲအနီးမှစ၍ တောက်ကလပ်အခြေအထိ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

 

a

 

ပုပ္ပါးကျေးရွာမှ တောင်ကလပ်အထိ ခရီးလမ်းမှာ (၂)မိုင်ကျော်ခန့်သာ ကွာဝေးပြီး ယခင် ဘိုးတော်ထွက် ပွဲကာလတွင် လမ်းပိတ်ဆို့မှု ဖြစ်ခဲ့သော်လည်း ယခုလောက် ပိတ်ဆို့မှုမရှိဘဲ၊ အောင်သိန္ဓိကုန်း အထက်နားမှစတင်ကာ လမ်းပိတ်ခြင်းဖြစ်ပြီး၊ ထိုစဉ်က တစ်လမ်းမောင်စနစ်အဖြစ် ပုပ္ပားကျေးရွာမှ တောင်ကလပ်၊ တောင်ကလပ်မှ ညောင်ပင်ဆိပ် ခရီးစဉ်အတိုင်း မောင်းနှင်သွားလာစေပြီး ယာဉ်ကြောရှင်းလင်းမှုကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှု ကြာရှည်မဖြစ်ပွားအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ဟု တောင်ကလပ်ဂေါပက အဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီရက်ကတော့ သီတင်းကျွတ်ရက်ရှည် အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်ဆိုတော့ ဘုရားဖူး များတယ်ဗျ၊ တစ်နေ့ကို တစ်သိန်းဝန်းကျင်လောက် လာတယ်၊ နိုင်ငံခြားခရီးသွားကတော့ နည်းပါတယ်၊ အခါရက်ဆိုတော့ ပြည်တွင်းခရီးသွားက များတာပေါ့၊ လမ်းပိတ်ဆို့မှုကတော့ နေ့တိုင်းလိုလို ရှိနေတာပါပဲ၊ ကျွန်တော်တို့ ဂေါပကအဖွဲ့ကလည်း လုံခြံရေးဝန်ထမ်း တွေနဲ့ ဆရာတော်တွေနဲ့ ပူးပေါင်းပြီးလမ်းရှင်းလင်းရေးတော့ နိုင်သလောက် လုပ်ပေးနေတာပါပဲ၊ ဒါပေမဲ့ ဘုရားဖူးများလာရင် တောင်ကလပ် လုံခြုံရေးကလည်း လွှတ်ထားလို့မရဘူးလေ၊ ဒါပေမဲ့ အဝေးလမ်းတွေအထိ မရောက်နိုင်ကြပေမယ့် ဒီတောင်ကလပ်အခြေ ပတ္တမြားစောင်းတန်း ထိပ်ကနေတော့ ရှင်းပေးနေရတာပါပဲ” ဟု တောင်ကလပ် ဂေါပကအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

a

 

ပုပ္ပားတောင်ကလပ်သည် ပုဂံ-ညောင်ဦး ခရီးစဉ်လာရောက်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် အသွား (သို့မဟုတ်) အပြန်ခရီးစဉ်အဖြစ် ဝင်ရောက်လည်ပတ်လေ့ရှိသည့် နေရာတစ်ခုဖြစ်ပြီး သဘာဝ တောတောင်ရေမြေရှုခင်း အလှများကြောင့် နိုင်ငံရပ်ခြား ခရီးသွားများကို ဆွဲဆောင်သည ့်နေရာတစ်ခုဖြစ်သလို၊ ထွက်ရပ်ပေါက် ဝိဇ္ဇာတပသီများ ပျော်မွေ့ ရာနေရာအဖြစ်လည်း ပြည်တွင်းခရီးသွားများ၊ စိတ်ဝင်စားစွာ လာရောက်လည်ပတ်လေ့ရှိသည့် နေရာတစ်ခုဖြစ်ရာ နှစ်စဉ်နှစ်တိုင်း၊ တန်ခူးလ (နှစ်ဆန်းတစ်ရက်နေ့)၊ ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ ကျင်းပသည့် ကာလများနှင့် ယခုလိုရက် ရှည် အားလပ်ရက်များတွင် အမြဲလိုလို ပြည်တွင်းဘုရားဖူး ခရီးသည်များ လာရောက်လေ့ရှိကြပြီး ကားလမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ရှိသလို၊ ဘုရားစောင်းတန်းများတွင် ဘုရားဖူးပြည်သူများ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိကာ ဒေသခံ ဈေးသည်များလည်း အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)