ပုပ္ပါးတောင်မကြီးအရှေ့ဘက်ရှိ မကြေးစည်ချောင်းကို အပန်းဖြေနေရာတစ်ခုအဖြစ် စိတ်ဝင်စားနေ

ရန်ကုန် ဧပြီ ၂၅

ပုပ္ပါးတောင်မကြီးအရှေ့ဘက်ရှိ မကြေးစည်ချောင်းကို အပန်းဖြေနေရာတစ်ခုအဖြစ် စိတ်ဝင်စားနေကြကြောင်း အဆိုပါနေရာသို့ သွားရောက်ပြီးနောက် ဓာတ်ပုံများကို Online ထက်တွင် ပြန်လည်မျှဝေရာမှတစ်ဆင့်  မကြေစည်ချောင်းကို လူသိများစေသူတစ်ဦးဖြစ်သည့်  ကိုနေမျိုးလှိုင်က ပြောသည်။ အဆိုပါ မကြေးစည်ချောင်းမှာ ဆင်ဆင်းရွာအနီးတည်ရှိပြီး ဒေသခံများ အပန်းဖြေနေရာတစ်ခုဖြစ်ကာ အေးစိမ့်နေသည့် ရေတံခွန်ကျရေကြောင့် ရေချိုး၍ကောင်းသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း ၄င်းကဆိုသည်။

"ဒီချောင်းက ပုပ္ပါးတောင်မကြီးက စိမ့်လာတဲ့ ရေပေါ့။ သူကတော့ ဒေသခံတွေကြားမှာ အပန်းဖြေစရာ နေ‌ရာကောင်းလေးတစ်ခုပေါ့။ ဒီချောင်းရေလေးကလည်း အေးစိမ့်နေတာပဲ။ ရေချိုးလို့ အရမ်းကောင်းတယ်။ ဒါကြောင့် လူတော်တော်များများ သဘောကျကြတယ်။ အခုနွေရာသီဆိုတော့ ရေချိုးဖို့သွားကြတယ်။ သူတို့ဒေသခံ‌တွေကြားမှာ စိတ်အပန်းဖြေစရာ နေရာလေးတစ်ခုပေါ့" ဟု ကိုနေမျိုးလှိုင်ကဆိုသည်။

သင်္ကြန်ကာက ၎င်းဆိုင်၏ ဝန်ထမ်းများအား အပန်းဖြေခရီးလိုက်ပို့စဉ် မကြေးစည်ချောင်းသို့ အပန်းဖြေခရီး ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ဓာတ်ပုံရိုက်ဝါသနာရှင်တစ်ယောက်ဖြစ်၍ ဝါသနာအရ ဓာတ်ပုံရိုက်ဖြစ်ပြီး မှတ်တမ်းတင်ခဲ့ရာမှ Group များ၊ Page အချို့တွင် ဖော်ပြမှုများကြောင့် လက်ရှိတွင် မကြေးစည်ချောင်းကို လူသိပိုများလာကြောင်းလည်း ဆိုသည်။

"ဒေသခံတွေကြား ရေပန်းစားနေပြီးလူတွေနေရာသစ်လေးပေါ့။  ‌‌ကျွန်တော်လည်း မကြေးစည်ချောင်းအကြောင်းကို ကြားဖူးနေတာ ရေချိုးရတာအဆင်‌ပြေတယ်။ ရေကအေးတယ်၊ နေရာလေး‌လည်း လှတယ်လို့ သိရတာနဲ့ ကျွန်တော့်ဆိုင်က ဝန်ထမ်းတွေကို သင်္ကြန်မှာ ခရီးလိုက်ပို့ဖြစ်ခဲ့တာပေါ့။ အဲဒီမှာ ရေပန်းစားနေတဲ့ မကြေးစည်ချောင်းကို သွားမလားဆိုပြီးတော့ ဆိုင်ကဝန်ထမ်းကလေးတွေကို လိုက်ပို့ ဖြစ်ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဓာတ်ပုံဝါသနာရှင်တစ်ယောက်ဆိုတော့ ဝါသနာအရဓာတ်ပုံရိုက်ဖြစ်ပြီး မှတ်တမ်းတင်တာပေါ့ ။ အခုကျွန်တော်ရိုက်ခဲ့တဲ့ဓါတ်ပုံ အဲဒီချောင်းမှာဆိုရင် နွားကျောင်းသား၊ ဆိတ်ကျောင်းသား ကလေးလေးတွေ ရေလာချိုးတာ။ အမြင့်ကြီးကနေရေထဲကို ဒိုက်ထိုးပြီးခုန်ချတာ ပုံလေးရိုက်လာတာပေါ့။ ကျွန်တော်က ဓာတ်ပုံ‌လေးရိုက်ပြီး တင်လိုက်တဲ့အချိန်မှာ သွားဖူးလာစရှိတဲ့ ညောင်ဦး၊ ပုပ္ပါးဘက်အနီးဝန်းရွာက၊ မြို့ကလူ တွေကလူတွေ ပိုသိသွားတယ်။ ပြီးတော့ group တော်တော်များများမှာလည်း share ကြတာတွေရှိတော့ လူသိပိုများတယ်" ဟုလည်း ယင်းကဆိုသည်။

အဆိုပါချောင်းသို့ သွားရောက်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် အနေဖြင့်  ပုလင်းခွံ၊ ပလတ်စတစ်တွေ၊ ဖော့ဘူးများ အစရှိသဖြင့် အမှိုက်ပစ်ခြင်းမျိုး မလုပ်စေလိုကြောင်း ယင်းကဆိုသည်။

"လူသိပိုများပြီး လူသွားလာမှုများရင် အမှိုက်၊ ဘူးခွံ၊ ပလတ်စတစ် တွေပစ်တာမျိုးတွေ လုပ်မှာလည်းစိုးတယ်။ အမှိုက်တွေကြောင့် သဘာဝအတိုင်းလှပ‌နေတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတာမျိုးတွေလည်း မဖြစ်စေချင်ဘူး။  ဒါကြောင့် သွားတဲ့သူတွေအနေနဲ့ မိမိအမှိုက်တွေကို စနစ်တကျ ပြန်သိမ်းစေချင်ပါတယ်။ ကျွန်တော်တို့သွားတုန်းကဆိုရင်လည်း ကိုယ်စားသောက်ပြီးကုန်သွား‌တဲ့ အမှိုက်တွေကို ပြန်သယ်ခဲ့ပြီး အမှိုက်ပုံးတွေ့တဲ့နေရာမှာ ပြန်ပစ်ခဲ့တယ်။ သဘာဝအလှအပ ပျက်စီးမှာစိုးတယ်"ဟုလည်း သဘာဝပတ်ဝန်းကျင်အမြင်အရ သုံးသပ်ဆိုသည်။

MT