ပုသိမ်မြို့တွင် မီးသွေးသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား

ပုသိမ် ၁၀ မတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရပ်ကွက်(၃) အောင်မေတ္တာလမ်းထိပ်နေ ဦးမျိုးမြင့်အေး၏ (၄၀×၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက် မီးသွေးသိုလှောင်ရုံမှ ယနေ့ နံနက် ၂ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၂ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းသွားခဲ့သည်။

 

ဖြစ်စဉ်မှာ မီးသွေးသိုလှောင်ရုံအတွင်း သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုးများပေါ်သို့ မီးသွေးအိတ်များပိပြီး ပေါက်ပြဲကာ အပူလွန်ကဲရာမှ မီးသွေးအိတ်သို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်။

 

မီးလောင်မှုကြောင့် မီးသွေးအိတ် ၅၀ ခန့်နှင့် အမိုးသွပ်အနည်းငယ် လောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ဦးမျိုးမြင့်အေးအား ပုသိမ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

 

သတင်း/ဓာတ်ပုံ- မောင်မောင်မြင့်(ပြန်/ဆက်)