ပူးပေါင်းဆောင်ရွက် ချစ်ကြည်ရင်းနှီးမှု တိုးတက်

နေပြည်တော် ၈ သြဂုတ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုတို့သည် ဩဂုတ်လ ၆ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပြီးသောအခါ မြန်မာ- ဂျပန် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး စသည်တို့ကို နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးက ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးသွားမည့် အခြေအနေ၊ ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ သဘောထားတို့နှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိရောက်စွာ ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။

ထိုသို့ ဖြေကြားခဲ့ရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး တိုးတက်အောင်လုပ်ဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် ရုပ်ပိုင်းဆိုင်ရာဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာဆိုသည်မှာ ပြည်သူလူထု အချင်းချင်းကြားတွင် ပိုမို၍ နားလည်မှုရှိဖို့၊ ပိုမို၍ ခင်မင်မှုရှိဖို့ ဆိုလိုသည်ကို သိရှိခဲ့ရသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ဂျပန်နိုင်ငံအနေဖြင့် အကူအညီများစွာ ပေးနေသည်ကို မြင်တွေ့နိုင်သည်။ မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများကြားတွင် ရှေးအစဉ်အဆက်ကတည်းက မိတ်ဆွေကောင်း ပီသသည့် ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပြီးဖြစ်သည်။ နှစ်နိုင်ငံ ပြည်သူများအကြား ပိုမို၍ နားလည်မှုရှိဖို့၊ ခင်မင်မှုရှိဖို့၊ ခင်မင်မှုများ ပိုမိုခိုင်မာလာဖို့အတွက် နှစ်နိုင်ငံ လူငယ်အချင်းချင်း ပိုမို ထိတွေ့မှုရှိအောင် ဆောင်ရွက်ခြင်းဖြင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုထက် ပိုမို တိုးတက်ခိုင်မာစေမည်ဖြစ်သည်။

နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ထိရောက်စွာ ဆောင်ရွက်သွားမည့် အခြေအနေ၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံ၏ သဘောထားတို့နှင့် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အရေးမှာ သိမ်မွေ့နက်နဲပြီး ရှုပ်ထွေးသောကြောင့် ပြဿနာများကို တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ဖြေရှင်းသွားကြရမည်သာဖြစ်ပြီး ဂျပန်နိုင်ငံ၏ အပြုသဘောဆောင်သည့် ကူညီထောက်ပံ့မှုများကို ကြိုဆိုလက်ခံရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခြင်းသည် နှစ်နိုင်ငံ ကောင်းသော အကျိုးရလဒ်များကို ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံ ရေရှည်ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ ပြည်သူများ ခင်မင်ရင်းနှီးမှုများမှာ ပိုမို၍အဓိကကျကြောင်း ပြသလိုက်ခြင်းလည်းဖြစ်သည်။ နှစ်နိုင်ငံ အစိုးရနှစ်ရပ်အကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန် လေးစားမှုဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်ရာ မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ၏ အနာဂတ်တွင် ပိုမိုကောင်းမွန်သော အကျိုးရလဒ်များကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ