ပူပူစပ်စပ် ငါးသောက်ဆမ်းရခိုင်ချက်

ရခိုင်ရိုးရာဟင်းလျာတွေဟာ ဆီနည်း နည်းနဲ့ ငရုတ်သီး၊ စပါးလင်၊ ငရုတ်ကောင်း၊ ပဒဲကော အစရှိတဲ့ ပူတဲ့ စပ်တဲ့ အရသာထွက်တဲ့ ဟင်းခတ်အမည်နဲ့ မရန်းပြား၊ မန်ကျည်းသီးလိုမျိုး အချဉ်သီးတွေ သုံးလေ့ရှိကြတာကြောင့် ဟင်းအရသာဟာ ချဉ်ချဉ်ငန်ငန်စပ်စပ် အရသာနှောနေတာမို့ ခံတွင်းတွေ့လွယ်ကြ တာဖြစ်ပါတယ်။ ပင်လယ်ပိုင်းဒေသတွေဟာ မိုးများတတ်ပြီး ဒေသခံအများစုလုပ်ကိုင်ကြတဲ့ ငါးဖမ်းလုပ်ငန်းတွေကလည်း ရေနဲ့ မိုးနဲ့ လုပ်ရ တာမို့ အအေးဓာတ်ကို ပိုစေတာမျိုးကြောင့် ပွင့်ကန်ပြီး အခိုးထွက်စေတဲ့ ပူပူစပ်စပ် ဟင်းလျာတွေကို နှစ်နှစ်သက်သက်စားသုံး ကြတာလားလို့ စဉ်းစားမိပါတယ်။

 

ရခိုင်ဟင်းလျာတွေထဲမှာ ငါးကို စားသုံး တဲ့အခါ ရေချိုငါးထက် ပင်လယ်ငါးကိုအများဆုံး စားသုံးကြတာတွေ့ရပါတယ်။ မြစ်ငါးနဲ့ ချောင်း ငါးတွေက ရေချိုငါးဖြစ်ပြီး ရေငန်ငါးဟူသမျှ ကို ပင်လယ်ငါးရယ်လို့ ခေါ်ကြပါတယ်။ ငါးကွမ်း ရှပ်၊ ငါးမဲလုံး၊ ငါးမုတ်၊ ငါးလိပ်ကျောက်၊ ငါးရွှေ နဲ့ ငါးစင်းပြား အစရှိတာတွေဟာ နာမည်ကြီး တဲ့ ပင်လယ်ငါးမျိုးတွေဖြစ်ပါတယ်။ ငါး သောက်ဆမ်းချက်တဲ့အခါ အရွယ်ငယ် ငါးမျိုး တွေထက် အရွယ်အစားကြီးပြီး ခုတ်သားရတဲ့ ငါးမျိုးတွေက ပိုပြီးလိုက်ဖက်တာတွေ့ရပါတယ်။

 

ငါးသောက်ဆမ်းရခိုင်ချက် ချက်မယ် ဆိုရင် နှစ်သက်ရာပင်လယ်ငါးတစ်မျိုးနဲ့ ဟင်းခတ်အနေနဲ့က ငရုတ်သီးစိမ်းတောင့်၊ စပါးလင်၊ ငရုတ်ကောင်းနဲ့ မျှင်ငါးပိ၊ မရန်းပြား၊ ပင်စိမ်းရွက်တို့လိုပါမယ်။ ငါးသောက်ဆမ်း ဟင်းချက်မယ်ဆိုရင် ပထမဦးစွာ ငါးကိုသန့်စင် ဆေးကြောပြီး အနေတော်တုံးကာ ဆား၊ နနွင်းနယ်ထားပါ။ အချို့ကတော့ ဆားပြားနယ် ပြီးသားကို မီးအနည်းငယ်ကင်ပါတယ်။ မီးကင်ပြီးချက်တာက အနံ့လေးမွှေးပြီး ငါး အသားကိုမာစေတာကြောင့် ဟင်းအရသာ ကို ပိုပြီးကောင်းစေပါတယ်။

 

အားလုံးအသင့်ဖြစ်ရင် ကြက်သွန်ဖြူ/နီ၊ စပါးလင်၊ ငရုတ်ကောင်းနဲ့ ငရုတ်သီးစိမ်း တောင့်တွေကို ဆုံမှာရောပြီး ခပ်ကြမ်းကြမ်း ထောင်းပါမယ်။ ပြီးကအိုးတစ်လုံးထဲမှာ မျှင်ငါးပိ အရည်ဖျော်ပြီး ထောင်းထားတဲ့ အရောတွေ ထည့်ကာ ဟင်းရည်ဆူအောင်တည်ပါ။ အိုးထဲ က ဟင်းရည်တွေ ပွက်ပွက်ဆူလာရင် ငါး အသားများနဲ့အတူ ရေဖျော်ထားတဲ့ မရန်းပြား အရည်ကိုထည့်ပါ။ သောက်ဆမ်းအတွက် ရေ အနေတော်ထည့်ပြီး ဆူလာတဲ့အခါ အပေါ့ အငန်မြည်းပြီး ပင်စိမ်းရွက်ကလေးအုပ်ကာ မီးဖိုမှ ချပါ။ ပူပူလောလောချဉ်ချဉ်စပ်စပ် ငါး သောက်ဆမ်း ရခိုင်ချက်ဟင်းစားသုံးရန် အသင့်ဖြစ်ပါပြီ။

 

ငါးသောက်ဆမ်းဟင်းမှာက ပင်လယ်ငါး ကထွက်တဲ့အဆီနဲ့ လုံလောက်နေတာရယ် သောက်ဆမ်းဟင်းရဲ့ သဘာဝအရဆီများများ မလိုတာရယ်ကြောင့် ဆီထည့်မချက်ကြတာပါ။ မရန်းပြားမရရင် မန်ကျည်းရည်အစားထိုးပြီး လည်း သုံးနိုင်ပါတယ်။ ဒေသရိုးရာဟင်းလျာ တွေက သူ့ရာသီ သူ့သဘာဝနဲ့အဆင်ပြေလိုက် ဖက်တဲ့ ဟင်းခတ်အသီး၊ အရွက်၊ အပွင့်တွေ သုံးပြီးချက်ပြုတ်ကြတာမို့ အရသာထူးခြားပြီး လူကြိုက်များကြတာဖြစ်ပါတယ်။

 

စံလွင် (ငါးဦးစီး)

 

51029393_