ပူတာအိုမြို့နယ်  ဖတ်မာယာန်ကျေးရွာ၌ ၀က်မွေးမြူရေးအထောက်အကူပြုသင်တန်းဖွင့်

ပူတာအို ၁၄ ဇူလိုင်     

 

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်‌မြောင်း၀န်ကြီးဌာန ပူတာအိုခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနက ကြီးမှူး၍ ၀က်မွေးမြူရေး အထောက်အကူပြုသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက ပူတာအိုမြို့နယ်  ဖတ်မာယာန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

 

အခမ်းအနားတွင် ပူတာအိုခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

သင်တန်းတွင် ခရိုင်ဦးစီးမှူးနှင့်မြို့ နယ်ဦးစီးမှူးတို့က ကိုဗစ်-၁၉ ကြောင့် ၀က်မွေးမြူရေးလုပ်ငန်းအပေါ် ထိခိုက်ဆုံးရှုံးနိုင်ခြေများ၊ ၀က်မွေးမြူရေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ သိသင့်သိထိုက်သည်များ၊ ၀က်မွေးမြူရေးနှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည်များ၊ ကျန်းမာရေးစောင့်ရှောက်ခြင်းများ၊ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းစနစ်များကို တစ်ရက်တာအသိပညာ‌ပေး ဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းသားများက ၀က်မွေးမြူရေးနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ခရိုင်ဦးစီးမှူးက ဆွေးနွေးမေးမြန်း ချက်များအပေါ် ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့သည်။

 

အဆိုပါသင်တန်းသို့ ဖတ်မာယာန်ကျေးရွာမှ သင်တန်းသား(၁၂) ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် မွေးမြူရေးနှင့်ဆက်စပ်သည့် စီးပွားရေးအပေါ် ရိုက်ခတ်သက်ရောက် ထိခိုက်ဆုံးရှုံးနိုင်ခြေနည်းပါးရေး အစီအမံတစ်ခုအနေဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပြန်/ဆက်)