ရာပြည့်များ၏ အကြို

၁၉၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံသမိုင်းတွင် ထူးခြားသည့်နှစ်တစ်နှစ် ဖြစ်သည်။ အရေးပါဆုံးသော ထူးခြားချက်မှာ ကိုလိုနီနယ်ချဲ့အစိုးရ၏ ဩဇာအာဏာကို ပထမဦးဆုံး အန်တုဖီဆန် တော်လှန်ပုန်ကန်ခြင်း ဖြစ်သည့် ၁၉၂၀ ကောလိပ်သပိတ်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရသည် မြန်မာတို့ကို ကြီးမြတ်မှန်ကန်သည့်ပညာကိုမပေး။ အင်ပါယာအုပ်ချုပ်ရေး ယန္တရားကြီးတည်တံ့ခိုင်မြဲစေပြီး လက်အောက်ခံကျွန်နိုင်ငံသားတို့ကို စာရေးစာချီအလုပ်မျှသာ လုပ်ကိုင်နိုင်မည့် အောက်တန်းစား ပညာရေး ကိုသာပေးသည်ဟု သိမြင်နားလည်ကြသည့် ကောလိပ်ကျောင်းသားများက ဗြိတိသျှအစိုးရနှင့် အာဏာပိုင်များကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။ အမှန်အားဖြင့် နယ်ချဲ့အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများကို  အုံကြွ တွန်းလှန်မှုများ၏အစ နိုင်ငံရေးနိုးကြားမှုများ ပညာရေးနယ်ပယ်၌ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

အောက်မြန်မာနိုင်ငံ နယ်ချဲ့တို့လက်အောက်ကျရောက်ခဲ့ရသည့် နှစ်ပေါင်း ၇၀ နီးနီး၊ မြန်မာတစ်နိုင်ငံလုံး သှူကျွန်ဘဝရောက်ခဲ့သည့် ၃၅ နှစ်တာကာလကြာမြင့်သည်အထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်မရှိသေး။ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်လက်အောက်ခံ ကောလိပ်နှစ်ခု ဖြစ်သည့် ရန်ကုန်ကောလိပ်နှင့် ဂျဒ်ဆင်ကောလိပ်တို့ကိုသာ ရန်ကုန်တွင် ဖွင့်ထားပြီး သီးခြားတက္ကသိုလ်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးရန် မြန်မာတို့၏ တောင်းဆိုမှုကို နှစ်ပေါင်းများစွာကြာအောင် လျစ်လျူရှုထား ခဲ့ကြသည်။ တောင်းဆိုသည်များ ပြင်းထန်သည်ထက် ပြင်းထန်လာပြီး နှစ်ပေါင်း ၂၈ နှစ်ကြာပြီးမှသာ ပြည်သူတို့က လက်မခံခဲ့သည့်အချက်များ ပါဝင်သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတင်းအကျပ်အတည်ပြု ပြဋ္ဌာန်းခဲ့ကြခြင်းဖြစ်သည်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) အင်္ဂလိပ်တို့၏ ဩဇာအာဏာကို ပထမဆုံးဆန့်ကျင်တွန်းလှန်သည့် ကျောင်းသားများ သပိတ်မှောက်သော နေ့သည် သမိုင်းတွင် “အမျိုးသားနေ့” ဟူသော နေ့ထူးနေ့မြတ် ဖြစ်လာ သည်။ ၁၉၂၀ ပြည့်နှစ်တွင်ပင် ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာသည်။ ထိုနှစ်တွင်ပင် မြန်မာ့ရုပ်ရှင်သမိုင်း၏ ပထမဆုံးရုပ်ရှင်ဇာတ်ကား ဖြစ်သော “မေတ္တာနှင့်သူရာ” ဇာတ်ကားကို ရွိုင်ရယ်စီးနီးမားဒီပဲရစ် ရုပ်ရှင်ရုံ၌ ရုံတင်ပြသခဲ့သည်။ သို့ဖြစ်သည့်အလျောက် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် “အမျိုးသားနေ့” သည်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် သည်လည်းကောင်း၊ မြန်မာ့ရုပ်ရှင်သည်လည်းကောင်း နှစ်တစ်ရာ တင်းတင်းပြည့်တော့မည်ဖြစ်ရာ ယခုကာလသည် ရာပြည့်အကြိုကာလပင် ဖြစ်သည်။

“ကျွန်မတို့ ငယ်စဉ်တုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ တကယ့်ကို ဂုဏ်သရေထွန်းလင်းတောက်ပနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ကျွန်မ တို့ကလေးဘဝ ကျောင်းနေတဲ့အချိန်ကစပြီးတော့ တက္ကသိုလ် ရောက်ချိန်လောက်အထိ ရန်ကုန်တက္ကသိုလ်ဟာ ကဓ္ဘာပေါ်မှာ အကောင်း ဆုံး တက္ကသိုလ်တစ်ခုလို့အားလုံးက ယုံကြည်ခဲ့ပါတယ်။ အင်မတန်မှလည်း ဂုဏ်ယူခဲ့ကြပါတယ်။ ဒီလိုပဲ ရန်ကုန်တက္ကသိုလ်ဟာ ဒီကနေ့ အချိန်ခါမှာ က္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်ဖို့ကို ကျွန်မတို့ အနေနဲ့ မျှော်မှန်းပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် နှစ် ၁၀ဝ ပြည့်၊ ရာပြည့် သဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ရန်ကုန် တက္ကသိုလ်၏ ရွှေရောင်အတိတ်ကာလကို ပြန်လည်မှန်းဆကာ ဂုဏ်ယူမိ သကဲ့သို့ ရန်ကုန်တက္ကသိုလ်၏ အနာဂတ်အတွက်လည်း မျှော်လင့်ချက် များစွာဖြင့် အားတက်မိသည်။

မည်သို့ပင်ဆိုစေ မြကျွန်းညိုဟုတင်စားကြသည့် ရန်ကုန်တက္ကသိုလ် ကြီးကို အတိတ်ကာလကကဲ့သို့ ဂုဏ်ဒြပ်ကြီးမားသည့် အဆင့်တစ်နေရာ ဆီသို့ ပြန်လည်ရောက်ရှိရန်မှာ ဆောင်ရွက်ရမည့်လုပ်ငန်းများစွာနှင့် အချိန်ကာလတစ်ရပ်တို့ကို ဖြတ်သန်းကြရမှာ ဖြစ်သည်။ အလိုဆန္ဒ၊ ဝီရိယနှင့် စိတ်ဓာတ်၊ ဥာဏ်ပညာတို့ စွဲမြဲပြင်းထန်ထက်သန်ကြီးမားသည် နှင့်အမျှ မဖြစ်နိုင်သောအရာသည် မရှိဟူသည်ကို နှလုံးသွင်းလျက် တာဝန်ကိုယ်စီထမ်းဆောင်နိုင်ကြပါစေကြောင်း။ မြန်မာ့အလင်း