ရာပြည့်မှသည် အနာဂတ်ကာလများဆီ

ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်မှာ နှစ် ၁၀၀ ပြည့်တော့မည်။ တိတိကျကျဆိုရလျှင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ်၏သက်တမ်းမှာ နှစ် ၁ဝဝ တင်းတင်းပြည့်ပြီ။ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ရာ ယင်းမတိုင်မီက မြန်မာနိုင်ငံတွင် ဘွဲ့ပေးနိုင်သည့်တက္ကသိုလ်ဟူ၍ မရှိသေးဘဲ အိန္ဒိယနိုင်ငံမှ ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ရန်ကုန်ကောလိပ်နှင့် ဂျဒ်ဆင်ကောလိပ် (ဘက်ပ်တစ်ရှ်ကောလိပ်) နှစ်ခုသာရှိခဲ့ပြီး ကာလကတ္တားတက္ကသိုလ်မှ စစ်သည့် စာမေးပွဲများကို ဖြေဆိုကြရသည်။ ယင်းကောလိပ် နှစ်ကျောင်းပေါင်းမှ ကျောင်းသား ၈ဝဝ ကျော်ရှိခဲ့သည်ဟု မှတ်တမ်း များတွင် လေ့လာသိရှိရသည်။

ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ပေါက်လာခဲ့သည်မှာ အလွယ်တကူမဟုတ်။ ရုန်းရင်းကန်ရင်း ပေါ်ပေါက်ခဲ့ရခြင်းလည်းဖြစ်သည်။ ရန်ကုန်မြို့တွင် မြန်မာတို့အတွက် သီးခြားတက္ကသိုလ်ကျောင်းတစ်ခု ဖွင့်လှစ်ပေးရန် နယ်ချဲ့အစိုးရကို နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြရသည်။ ဆယ်စုနှစ်များနှင့်ချီ၍ တောင်းဆိုခဲ့ခြင်းကြောင့် ၁၉၂၀ ပြည့် နှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေမူကြမ်းထွက်လာသည်။ ယင်းဥပဒေအရ တက္ကသိုလ်ကောင်စီ အဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်သူများအားလုံးမှာ ဗြိတိသျှအရာရှိများသာဖြစ်ပြီး မြန်မာလူမျိုးထဲမှ တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိ။ ထို့အပြင် တက္ကသိုလ် ပညာသင်ယူရေးတွင် စရိတ်စကကြီးမြင့်ပြီး မြန်မာတို့ သင်ယူနိုင်ရေးတွင် လက်လှမ်းမမီနိုင်အောင်၊ ခဲယဉ်းအောင်လည်း ဖန်တီးထားသည်။ မြန်မာများ ပညာတတ်နည်းပါး၍ လူမျိုးအားဖြင့် နိမ့်ကျအောင် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။ ၁၉၁၇ ခုနှစ် အိန္ဒိယတွင် ဘင်္ဂလား၊ ဘုံဘိုင်၊ ပန်ဂျပ်၊ မဒရပ် စသည့်ပြည်နယ်များအား ဒိုင်အာခီအုပ်ချုပ်ရေးပေးသည့်အခါ မြန်မာပြည်တွင်မူ ဘီအေအောင်သူ ၄၀၀ မပြည့်သေး၍ဟုဆိုကာ ဒိုင်အာခီအုပ်ချုပ်ရေးနှင့် မတန်သေးကြောင်း အကြောင်းပြပြီး မပေးဘဲ ထားခဲ့သည်။ ကိုလိုနီလက်အောက်ခံကာလတွင် မြန်မာတို့အနေဖြင့် ဗြိတိသျှလူမျိုးတို့နှင့် ပညာအရည်အချင်းတူ၊ ရာထူးချင်းတူလျှင်ပင် ရရှိသည့်လစာနှင့် အခွင့်အရေးတို့ မတူညီဘဲ ကွာခြားခဲ့သည်။ တန်းတူမရဘဲ နှိမ့်ချခံထားခဲ့ရသည်။ ယင်းအချက်တို့က ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်သည့် သပိတ်မှောက်ဆန္ဒပြမှုများ ပေါ်ပေါက်လာမှုများ ၏ အကြောင်းတရားများတွင် အပါအဝင်ဖြစ်ခဲ့သည်။ ။

မည်သို့ပင်ဆိုစေ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ချက်အနည်းငယ်မျှ ပြင်ဆင်ပြီးနောက် ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ သာယာလှပသည့် အင်းလျားကန်ကို ဦးတိုက်လျက် သစ်ကြီးဝါးကြီး အရိပ်အာဝါသများဖြင့် စိမ်းလန်းစိုပြည်သည့်၊ မြကျွန်းညိုဟူ၍ တင်စားခေါ်ဝေါ်ကြသည့် ရန်ကုန်တက္ကသိုလ်မှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်အကျော်အမော်၊ ပညာရှင်အကျော်အမော်များ မြောက်မြားစွာ မွေးထုတ်ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်းကာလမှသည် ၁၉၆ဝ ပြည့်လွန်နှစ်များအထိ အရှေ့တောင်အာရှဒေသတွင် ပညာရည်အကောင်းဆုံးတက္ကသိုလ်အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ ယင်းနောက်တွင်မူ ရန်ကုန်တက္ကသိုလ်မြေသည် ဆရာကြီးမင်းသုဝဏ်၏ ပျဉ်းမငုတ်တို ကဗျာကဲ့သို့ပင် စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်၊ လေပြင်း ဝိုက်သည့် လောကဓံတို့ကို ကြုံခဲ့ရသည်။ အဓိပတိလမ်း၊ ကံ့ကော်တန်းနှင့် သစ်ပုပ်ပင်ရိပ်တို့မှာ တိတ်ဆိတ်ခြောက်သွေ့လျက် မြကျွန်းညိုညို တက္ကသိုလ်၏ ခံ့ညားထည်ဝါခဲ့သည့် အစဉ်အလာနှင့် ဂုဏ်ဒြပ်တို့မှာ မှေးမှိန်ပျက်ပြယ်ခဲ့ရသည်။

သမိုင်းဘီးတို့တစ်ပတ်ပြီး တစ်ပတ်လည်ခဲ့ပြီးသည့်အခါ ရန်ကုန်တက္ကသိုလ်သည်လည်း တစ်ဖန်ပြန်လည် မွေးဖွားလာခဲ့ရပြီဖြစ်သည်။ တစ်ခေတ်တစ်ခါက ရှိခဲ့ဖူးသည့်နေရာတွင် တင့်တင့်တယ်တယ် ပြန်လည်ရောက်ရှိနိုင်ရန်အတွက်မူ ကျားကုတ်ကျားခဲ ဇွဲနပဲဖြင့်ကြိုးစားကြရဦးမည်။ နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ဒဏ်ရာဝေဒနာများကို အချိန်တိုတိုဖြင့် ကုစားနိုင်ဖို့ မလွယ်ကူပါ။ အထူးသဖြင့် ပညာရေးကဏ္ဍတွင် နိမ့်ကျခဲ့၊ လွဲချော်ခဲ့၊ ပျက်စီးခဲ့ရသည်များကို ကုစားနိုင်ရန်မှာ မျိုးဆက်တစ်ဆက်၊ နှစ်ဆက်စသည်ဖြင့် အချိန်ယူရဦးမည်။ သို့ဆိုလျှင်ပင် နည်းမှန်လမ်းမှန်နှင့် ဝိုင်းဝန်းအားထည့် ကြိုးပမ်းကြမှသာ အချိန်တန်လျှင် အောင်မြင်မှုရရှိနိုင်မှာ ဖြစ်သည်။ အမိတက္ကသိုလ်ကြီး၏အနာဂတ် ထွန်းလင်းတောက်ပရေးအတွက် တက္ကသိုလ်ရာပြည့်ပွဲများ ဆင်နွှဲစဉ်ကာလအတွင်း အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်ကြပါစေကြောင်း ။ ။

မြန်မာ့အလင်း